ဂျေရုစလင်၊ ကိုင်ရို၊ ဒိုဟာ၊ အောက်တိုဘာ ၁၄
ဂါဇာ နှစ်နှစ်ကြာ စစ်ပွဲ အဆုံးသတ်ရေး ကြီးမားတဲ့ ခြေလှမ်းတစ်ရပ်အနေနဲ့ ဟားမာ့စ်အဖွဲ့က အသက်ရှင်နေသေးတဲ့ နောက်ဆုံး အစ္စရေး ဓားစာခံ ၂၀ ဦးကို အောက်တိုဘာ ၁၃ ရက်က အစ္စရေးသို့ ပြန်လွှဲပြောင်းပေးလိုက်ပါတယ်။
ဒါဟာ အရှေ့အလယ်ပိုင်း ဒေသသစ်ရဲ့ သမိုင်းဝင် အရုဏ်ဦး ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ပြောကြားပြီး ဂါဇာ ပြန်လည် တည်ဆောက်ရေး အချိန် ကျရောက်ပြီလို့ ဆိုပါတယ်။

အသက်ရှင်နေသေးတယ်လို့ အတည်ပြုထားတဲ့ ဓားစာခံ အားလုံးကို ဂါဇာရှိ ကြက်ခြေနီအဖွဲ့က ပြန်လွှဲပြောင်းပေးခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။
ဟားမာ့စ်အဖွဲ့က သေဆုံးကြောင်း အတည်ပြုထားတဲ့ ဓားစာခံ ၂၆ ဦးနဲ့ အခြေအနေ အသေအချာ မသိရသူ နောက် နှစ်ဦးရဲ့ အလောင်းတချို့ကိုလည်း အစ္စရေးသို့ ပြန်ပို့ဖို့ စီစဉ်ထားပါတယ်။
တဲလ်အဗစ်မြို့ရှိ ဓားစာခံရင်ပြင်မှာ လူထောင်ပေါင်းများစွာက ပြန်လည် လွတ်မြောက်လာတဲ့ ဓားစာခံတွေကို ကြိုဆိုခဲ့ကြပြီး သြဘာပေးသူ၊ ပွေ့ဖက်နှုတ်ဆက်သူ ငိုကြွေးသူတွေ အများကြီး ရှိခဲ့ပါတယ်။

သဘောတူညီမှု တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေး အကျဉ်းထောင်တွေက ပြန်လွှတ်ပေးလိုက်တဲ့ ပါလက်စတိုင်း အကျဉ်းသားတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတွေလည်း ဂါဇာသို့ ရောက်ရှိလာကြောင်း အဲဒီ လုပ်ငန်းစဉ်မှာ ပါဝင်တဲ့ အရာရှိ တစ်ဦးက ပြောပါတယ်။
အစ္စရေးလွှတ်တော်မှာ မိန့်ခွန်း ပြောကြားခဲ့ပြီးနောက် ထရန့်ဟာ ဂါဇာမှာ ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေးအတွက် အခြေအနေတွေ တည်ဆောက်ဖို့ ရည်ရွယ်တဲ့ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ဖို့ အီဂျစ်သို့ ထွက်ခွာမှာ ဖြစ်ပါတယ်။
ထရန့်ဟာ ၁၉၇၉ က ဂျင်မီ ကာတာ၊ ၁၉၉၄က ဘီလ် ကလင်တန်နဲ့ ၂၀၀၈ က ဂျော့ချ် ဒဗလျူ ဘွတ်ချ်ပြီးနောက် အစ္စရေး လွှတ်တော်မှာ မိန့်ခွန်းပြောတဲ့ စတုတ္ထမြောက် အမေရိကန်သမ္မတ အဖြစ် မှတ်တမ်း ဝင်သွားခဲ့ပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးသို့ ဟားမာ့စ် လက်နက်ကိုင်တွေ ဝင်ရောက်တိုက်ခိုက်မှုကြောင့် လူ ၁၂၀၀ သေဆုံးပြီး ဓားစာခံ ၂၅၁ ဦးကို ဖမ်းဆီးသွားပြီးနောက် အစ္စရေး-ဟားမာ့စ် စစ်ပွဲ စတင်ခဲ့တာ ဖြစ်ပါတယ်။
နှစ်ဖက် အပစ်အခတ်ရပ်စဲရေး ပထမအဆင့် သဘောတူညီမှု ရရှိအောင် ဆောင်ရွက်ပေးခဲ့ပြီးနောက် ထရန့်က ရေရှည် ငြိမ်းချမ်းမှု ရရှိရေး အချက် ၂၀ ပါတဲ့ အစီအစဉ်နဲ့ အီဂျစ်မှာ ဆွေးနွေးညှိနှိုင်းသွားမှာ ဖြစ်ပါတယ်။
အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ မြေပြင် ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် ဂါဇာဒေသမှာ အပျက်အစီး များစွာ ဖြစ်ပေါ်ခဲ့ပြီး ပါလက်စတိုင်းသား ၆၇၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဂါဇာ ကမ်းမြောင်ဒေသ ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။
အခုအထမြောက်ခဲ့တဲ့ ပထမအဆင့် သဘောတူညီမှုကို အီဂျစ်၊ ကာတာ၊ တူရကီတို့နဲ့အတူ ထရန့် အစိုးရက ညှိနှိုင်းရယူပေးခဲ့တာ ဖြစ်ပါတယ်။
နောက်တဆင့် ငြိမ်းချမ်းရေး အစီအစဉ်ကို ငြိမ်းချမ်းရေး ဘုတ်အဖွဲ့လို့ အမည်ပေးထားပြီး ထရန့်ကပဲ ဦးဆောင်သွားမှာ ဖြစ်ပါတယ်။
အပစ်အခတ် ရပ်စဲမှုအရ အစ္စရေးတပ်တွေ ပြန်လည် ဆုတ်ခွာသွားပြီးနောက် ဂါဇာစီးတီးမှာ ဟားမာ့စ်အဖွဲ့ဝင်တွေနဲ့ လူမျိုးစု လက်နက်ကိုင်တွေကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး လူမျိုးစုဝင် လက်နက်ကိုင် ၃၂ ဦး သေဆုံးခဲ့ရပါတယ်။
ဟားမာ့စ်အနေနဲ့ အဆုံးသတ်မှာ လက်နက်ဖြုတ်သိမ်းရမှာ ဖြစ်ပြီး အနာဂတ် ဂါဇာအစိုးရအဖွဲ့မှာ ပါဝင်ခွင့် မရှိတော့ဘူးလို့ ထရန့်က ပြောထားပေမယ့် ဟားမာ့စ်အဖွဲ့ လက်နက် ဖြုတ်သိမ်းမယ်ဆိုတဲ့ လက္ခဏာ မတွေ့ရသေးပါဘူး။
Ref:Reuters

