ဆိုးလ်၊ အောက်တိုဘာ ၁၃
နိုင်ငံတကာနဲ့ ဒေသဆိုင်ရာ အရေးကိစ္စတွေမှာ မြောက်ကိုရီးယားနဲ့ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု အားကောင်းအောင် လုပ်ဆောင်ဖို့ အသင့်ရှိကြောင်း တရုတ်က ပြောကြားတယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ထံ ပြီးခဲ့တဲ့ ရက်ပိုင်းက ပေးပို့တဲ့ စာမှာ အဲဒီလို ပြောဆိုထားတာ ဖြစ်တယ်လို့ KCNA သတင်းမှာ ဖော်ပြထားပါတယ်။

တရုတ် ကွန်မြူနစ်ပါတီ တည်ထောင်မှု နှစ်ပတ်လည်နေ့အတွက် ကင်ဂျုံအန်ပေးပို့တဲ့ ဂုဏ်ပြုသတင်းစကားကို ရှီက အခုလိုမျိုး တုံ့ပြန်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
တရုတ်နဲ့ မြောက်ကိုရီးယားတို့ဟာ အိမ်နီးချင်းကောင်းတွေ၊ မိတ်ဆွေကောင်းတွေ ဖြစ်ပြီး ကံကြမ္မာလည်း တူသလို အချင်းချင်း ကူညီပေးရင်းနဲ့ နှစ်နိုင်ငံကြား ခင်မင်ရင်းနီးမှု ပိုအားကောင်းလာတယ်လို့ ရှီကျင့်ဖျင်က ပြောကြားကြောင်း KCNA သတင်းမှာ ဖော်ပြပါတယ်။
အမေရိကန်မှာ အိမ်ဖြူတော်သို့ ဒေါ်နယ်ထရန့် ရောက်ရှိလာပြီး နောက်ပိုင်း တရုတ်နဲ့ မြောက်ကိုရီးယား ဆက်ဆံရေး ပိုရင်းနှီးလာတာ တွေ့ရပြီး မြောက်ကိုရီးယားက ရုရှားကိုလည်း စစ်သားတွေ စေလွှတ် ကူညီထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုံးယမ်းမြို့မှာလုပ်တဲ့ စစ်ရေးပြပွဲအတွင်း မြောက်ကိုရီးယားက သူတို့ရဲ့ တိုက်ချင်းပစ် ဒုံးကျည်အသစ်ကို မိတ်ဆက် ပြသခဲ့ပါတယ်။
မြောက်ကိုရီးယားကို အုပ်ချုပ်နေတဲ့ အလုပ်သမားပါတီ တည်ထောင်မှု နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် အောက်တိုဘာ ၁၀ ရက်က ပြုလုပ်ခဲ့တဲ့ စစ်ရေးပြပွဲမှာ မြောက်ကိုရီးယားက သူတို့ရဲ့ အဆင့်အမြင့်ဆုံး လက်နက်တွေကို ဖိတ်ကြားထားတဲ့ နိုင်ငံတကာ ဂုဏ်သရေရှိများရှေ့မှောက် ထုတ်ဖော်ပြသခဲ့တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားက ရေငုပ်သင်္ဘောတွေလည်း တည်ဆောက်ဖို့ စီစဉ်နေပြီး ရုရှားဆီက နည်းပညာ အကူအညီ ရရှိထားဖွယ်ရှိတယ်လို့တောင်ကိုရီးယားက ပြောထားပါတယ်။
မြောက်ကိုရီးယားက စစ်ရေးပြပွဲအတွင်း အသံထက်ပိုမြန်တဲ့ ပဲ့ထိန်း ဒုံးကျည်တွေ၊ ခရု့ဇ် ဒုံးကျည် အသစ်တွေနဲ့ ကာမီကာဇီ ဒရုန်းတွေ အပါအဝင် သူတို့ရဲ့ နောက်ဆုံးထုတ် လက်နက်တွေကိုလည်း ထုတ်ဖော်ပြသခဲ့ပါတယ်။
Ref:Reuters

