ဝါရှင်တန်၊ အောက်တိုဘာ ၁၃
ယူကရိန်းသို့ တာဝေးပစ် Tomahawk ခရု့ဇ် ဒုံးကျည်များ ပေးပို့ရေး စဉ်းစားနေကြောင်း၊ ယူကရိန်းအနေနဲ့ စစ်ပွဲဆင်နွှဲရာမှာ တိုက်ခိုက်မှု ခြေလှမ်းသစ် တစ်ခု ဖြစ်လာလိမ့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောလိုက်ပါတယ်။
အစ္စရေးသို့ သွားရောက်မယ့် Air Force One လေယာဉ်ပေါ်မှာ ယူကရိန်းသို့ Tomahawk ခရု့ဇ် ဒုံးကျည်တွေ ပေးပို့သွားမှာလားလို့ သတင်းထောက်တွေက မေးမြန်းရာ ထရန့်က ‘ဟုတ်တယ် ကျွန်တော်တို့ ကြည့်ရပါမယ် ကျွန်တော် ပို့ကောင်းပို့ဆောင်သွားမှာပါလို့ ဖြေကြားသွားပါတယ်။

ရုရှားကို တန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်ရေး စစ်ရေး စွမ်းပကား အားပိုကောင်းလာအောင် လုပ်ဆောင်ပေးဖို့ တိုက်တွန်းထားတဲ့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ ထရန့်ကြား ပြီးခဲ့တဲ့ သီတင်းပတ်က ဒုတိယမြောက် ဖုန်းခေါ်ဆိုမှုအပြီးမှာ ထရန့်ရဲ့ အခုလို ပြောဆိုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဝါရှင်တန်အနေနဲ့ ယူကရိန်းသို့ တာဝေးပစ် ဒုံးကျည်တွေ မပေးပို့ဖို့ မော်စကိုက အရင်က သတိပေးထားခဲ့ပြီး အဲဒီလို ပို့ဆောင်ခဲ့မယ်ဆိုရင် စစ်ပွဲ ကြီးကြီးမားမား အရှိန်မြင့်တက်လာစေမှာ ဖြစ်သလို အမေရိကန်-ရုရှား ဆက်ဆံရေး ထိခိုက်နိုင်တယ်လို့ ပြောထားပါတယ်။
Tomahawk ဒုံးကျည်များဟာ မိုင် ၁၅၀၀ အထိ ပစ်ခတ် ရောက်ရှိနိုင်တာကြောင့် မော်စကိုဟာ ယူကရိန်း ပစ်ခတ်တိုက်ခိုက်နိုင်တဲ့ အကွာအဝေးအတွင်း ရောက်ရှိလာမှာ ဖြစ်ပါတယ်။

အစ္စရေးသို့ သွားနေတဲ့ လမ်းမှာ သတင်းထောက်တွေရဲ့ မေးမြန်းမှုတွေကို ဖြေကြားရာ ထရန့်က ယူကရိန်းရဲ့ အဲဒီ ဒုံးကျည် တောင်းဆိုထားမှုနဲ့ ပတ်သက်ပြီး ရုရှားနဲ့ ဆွေးနွေးသွားဖို့ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
ရုရှားအနေနဲ့ စစ်ပွဲကို ပြေလည်အောင် မဖြေရှင်းဘူးဆိုရင် မိမိတို့အနေနဲ့ Tomahawk ဒုံးကျည်တွေ ယူကရိန်းသို့ ပေးပို့သွားဖွယ်ရှိတယ်လို့ ရုရှားကို ပြောကြားမှာ ဖြစ်ကြောင်း ထရန့်က ဆိုပါတယ်။
ရုရှားအနေနဲ့ ယူကရိန်းကို Tomahawk ဒုံးကျည်တွေ လက်ခံ ရရှိစေဖို့ ဆန္ဒမရှိလောက်ဘူးလို့ မိမိအနေနဲ့ ထင်မြင်ကြောင်းလည်း ထရန့်က ပြောပါတယ်။
ယူကရိန်းက ရုရှားကို ပြန်လည် တိုက်ခိုက်နိုင်ရေး တာဝေးပစ် ဒုံးကျည်တွေ အကြိမ်ကြိမ် တောင်းဆိုထားပြီး ထရန့်နဲ့ နောက်ဆုံး ဖုန်းခေါ်ဆိုမှုအတွင်း ဇီလန်စကီးက သူတို့ရဲ့ လေကြောင်း ကာကွယ်ရေး အားကောင်းအောင် လုပ်ဆောင်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။
မြို့တော် ကိဗ်အပါအဝင် ယူကရိန်းမြို့တွေဟာ ရုရှားရဲ့ လေကြောင်းက ဗုံးကြဲတာတွေ၊ ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ အကြိမ်ကြိမ် တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ရုရှားက အထူးသဖြင့် ယူကရိန်းရဲ့ စွမ်းအင် အဆောက်အဦတွေကို ပစ်မှတ်ထားနေပြီး ယူကရိန်းမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။
အမေရိကန်အနေနဲ့ Tomahawk ဒုံးကျည်တွေ ဒါမှမဟုတ် တခြား တာဝေးပစ် ဒုံးကျည်တွေ ပေးပို့ခဲ့မယ်ဆိုရင်လည်း စစ်ပွဲ အရှိန်ပြောင်းလဲနိုင်မှာ မဟုတ်ဘူးလို့ ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်က ပြီးခဲ့တဲ့လက ပြောဆိုထားပါတယ်။
Ref:BBC

