လာဟိုး၊ အောက်တိုဘာ ၁၃
မြို့တော် လာဟိုးမှာ အစ္စရေး ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း ရဲတပ်ဖွဲ့နဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီးနောက် သဘောထားတင်းမာတဲ့ လက်ယာယိမ်း ပါကစ္စတန် အစ္စလာမ္မစ်ပါတီ အဖွဲ့ဝင် ထောင်ပေါင်းများစွာဟာ မြို့တော်ဆီကို ချီတက်သွားခဲ့ကြပါတယ်။
Tehreek-e-Labbaik Pakistan (TLP) ပါတီက လာဟိုးမြို့မှာ အောက်တိုဘာ ၉ ရက်က ဆန္ဒပြပွဲတွေ စတင်ပြုလုပ်ခဲ့ပြီး အစ္စရေးနဲ့ဟားမာ့စ်ကြား အမေရိကန် ကြားဝင် ညှိနှိုင်းပေးထားတဲ့ အပစ်အခတ် ရပ်စဲမှုကို ဆန့်ကျင်တဲ့အနေနဲ့ အစ္စလာမ်မာဘက်မြို့ရှိ အမေရိကန်သံရုံးသို့ ချီတက်မယ့် အစီအစဉ်တွေကို ကြေညာခဲ့ကြပါတယ်။

အောက်တိုဘာ ၁၀ ရက်မှာတော့ အဲဒီ ဆန္ဒပြပွဲတွေဟာ အကြမ်းဖက်မှု အသွင် ပြောင်းလဲသွားခဲ့ပြီး ကျောက်ခဲတွေနဲ့ ပစ်ပေါက် တိုက်ခိုက်နေတဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က တုတ်တွေနဲ့ရိုက် မျက်ရည်ယိုဗုံးတွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့ပါတယ်။
လာဟိုးမြို့နဲ့ မြောက်ဖက် မိုင် ၂၃၀ အကွာမှာရှိတဲ့ အစ္စလာမ်မာဘက်မြို့မှာ ယာဉ်အသွားအလာ အနှောင့်အယှက် ဖြစ်သွားခဲ့ပြီး အာဏာပိုင်တွေက မိုဘိုင်း အင်တာနက် ဆက်သွယ်ရေးလိုင်းတွေကို ရပ်ဆိုင်းလိုက်သလို အဓိက လမ်းမတွေကိုလည်း ပိတ်ထားလိုက်ပါတယ်။
ဆန္ဒပြသူတွေ ရောက်လာနိုင်တာကြောင့် မြို့တော်ရဲ့ အဓိကလမ်းတွေပေါ်မှာ သင်္ဘောတင် ကွန်တိန်နာတွေနဲ့ တားဆီး ကာရန်ထားပါတယ်။

အောက်တိုဘာ ၁၀ ရက်က ဆန္ဒပြသူတွေနဲ့ ပဋိပက္ခဖြစ်ပွားမှုအတွင်း ရဲတပ်ဖွဲ့ဝင် ၅၀ အထိ ဒဏ်ရာရရှိခဲ့တယ်လို့ အကြီးတန်း ရဲအရာရှိ တစ်ဦးက ပြောပါတယ်။
TLP ပါတီက သူတို့ရဲ့ ပါတီဝင် တချို့ သေဆုံးခဲ့တယ်လို့ ပြောဆိုထားပေမယ့် အတည်ပြုဖို့ မဖြစ်နိုင်သေးဘူးလို့ သတင်းတွေမှာ ဖော်ပြပါတယ်။
မိမိတို့ရဲ့ ဆန္ဒပြပွဲတွေဟာ ဟားမာ့စ်နဲ့ အစ္စရေးကြား ပါကစ္စတန် ထောက်ခံတဲ့ အပစ်အခတ်ရပ်စဲမှုကို ကန့်ကွက်ဖို့ ကနဦးမှာ ရည်ရွယ်ခဲ့ပေမယ့် အခုတော့ ပါလက်စတိုင်းသားတွေနဲ့ တစ်သားတည်း ရပ်တည်ကြောင်း ဖော်ပြသွားဖို့ ရည်ရွယ်ထားတယ်လို့ TLP ပါတီက ပြောပါတယ်။
ဂါဇာ ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်ကြောင်း ပြသတာကလွဲလို့ မိမိတို့မှာ တောင်းဆိုချက်တွေ မရှိဘူးလို့ TLP ပါတီ အကြီးတန်းအဖွဲ့ဝင် အယ်လာမာ မူဟာမက် အာဖရန်က ပြောပါတယ်။
အစ္စလာမ်မာဘက်မြို့ကို ဘယ်အချိန် ရောက်နိုင်မလဲ အသေအချာ မသိဘဲ အစိုးရက မိမိတို့အပေါ် ရက်ရက်စက်စက် နှိမ်နှင်းနေပေမယ့် အစိုးရနဲ့ ညှိနှိုင်းဖို့ ရည်ရွယ်ချက် လုံးဝ မရှိဘူးလို့ ပါတီ အကြီးတန်းအဖွဲ့ဝင် အာဖရန်က ပြောပါတယ်။
ဆန္ဒပြသူတွေကို အစ္စလာမ်မာဘက်မြို့သို့ ဝင်ရောက်ခွင့် ပြုမှာမဟုတ်ကြောင်း လက်ထောက် ပြည်ထဲရေးဝန်ကြီး တာလယ် ချောင်ဒရီက ကြွေးကြော်ထားပါတယ်။
ဟားမာ့စ်နဲ့ အစ္စရေးတို့ လက်ခံနိုင်တဲ့ သဘောတူညီမှုကို လက်မခံဘဲ ကန့်ကွက် ဆန့်ကျင်ရတဲ့ အကြောင်းရင်းကိုလည်း သူက မေးခွန်း ထုတ်ထား ပါတယ်။
အစ္စရေးက အပစ်အခတ်ရပ်စဲကြောင်း ကြေညာပြီးနောက် ဂါဇာရှိ သူတို့ တပ်ဖွဲ့ဝင်တွေ ပြန်ဆုတ်ခွာနေကြပြီ ဖြစ်သလို ပါလက်စတိုင်းသား အများအပြားလည်း သူတို့ရဲ့ ဒေသတွေဆီ ပြန်လာနေကြပြီ ဖြစ်ပါတယ်။
အဲဒီ သဘောတူညီမှုဟာ ရေရှည် တည်တန့်တဲ့ ငြိမ်းချမ်းမှုရရှိရေး သမိုင်းဝင် အခွင့်အလမ်း ဖြစ်တယ်လို့ ပါကစ္စတန် ဝန်ကြီးချုပ် ရှီဘတ်စ် ရှရစ်ဖ်က ပြောကြားပြီး ကြိုဆိုခဲ့ပါတယ်။
TLP ပါတီဟာ ပါကစ္စတန်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု အများဆုံး ဆန္ဒပြပွဲတွေရဲ့ နောက်ကွယ်က ပါဝင်ခဲ့တဲ့ ပါတီ ဖြစ်ပြီး အနောက်တိုင်း သံတမန်တွေကို နှင်ထုတ်ဖို့ အစိုးရကို မကြာခဏ တောင်းဆိုလေ့ ရှိပါတယ်။
Ref:AFP

