ကိဗ်၊ အောက်တိုဘာ ၁၃

အရှေ့အလယ်ပိုင်းမှာလို ယူကရိန်းမှာ ငြိမ်းချမ်းမှုရရှိရေး အကျိုးဆောင်ပေးဖို့ ယူကရိန်းသမ္မတက သမ္မတ ဒေါ်နယ်ထရန့်ကို တိုက်တွန်းလိုက်ပြီး ထရန့် အနေနဲ့ စစ်ပွဲတစ်ပွဲကို အဆုံးသတ်စေနိုင်တယ်ဆိုရင် နောက်ထပ် တခြားစစ်ပွဲတွေကိုလည်း အဆုံးသတ်အောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့ ပြောလိုက်ပါတယ်။

ယူကရိန်းရဲ့စွမ်းအင် အဆောက်အဦတွေကို ရုရှားက ကြီးကြီးမားမား အတိုင်းအတာနဲ့ တိုက်ခိုက်ခဲ့တာကြောင့် မြို့တော် ကိဗ်ရဲ့ဒေသတွေနဲ့ တခြား ယူကရိန်းဒေသ ၉ ခုမှာ စွမ်းအင် ပြတ်တောက်သွားပြီးနောက် ဇီလန်စကီးက ထရန့်ဆီ အောက်တိုဘာ ၁၁ ရက်က ဖုန်းနဲ့ ဆက်သွယ်ချိန်အတွင်း အခုလိုမျိုး တိုက်တွန်းလိုက်တာပါ။

ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ ဟားမာ့စ်နဲ့ အစ္စရေးရဲ့ နှစ်နှစ်ကြာ စစ်ပွဲအပေါ် တစ်ကမ္ဘာလုံးက ပြောင်းလဲ အာရုံစိုက်နေတဲ့ အကြောင်းအရင်း တစ်စိတ်တစ်ပိုင်းကြောင့် ယူကရိန်းကို ရုရှား ကျူးကျော်တိုက်ခိုက်နေမှု အဆုံးသတ်ရေး သံတမန်နည်းလမ်းနဲ့ ကြိုးပမ်းမှုတွေဟာ လတ်တလော လတွေအတွင်း နှေးကွေးသွားတယ်လို့ ဇီလန်စကီးက ပြောပါတယ်။

အစ္စရေးနဲ့ဟားမာ့စ်ကြား အပစ်အခတ်ရပ်စဲမှု ပထမအဆင့်ကို အောက်တိုဘာ ၈ ရက်က ကြေညာခဲ့တဲ့ ထရန့်က ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ သြဂုတ်လအတွင်း တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် ဘယ်လို ငြိမ်းချမ်းရေး သဘောတူညီမှုမျိုးမှ မရယူနိုင် ဖြစ်ခဲ့ပါတယ်။

ကျွန်တော် သမ္မတ ထရန့်နဲ့ ဖုန်းပြောခဲ့ပါတယ်။ အရမ်း အပြုသဘောဆောင်ပြီး အကျိုးရှိတဲ့ ဖုန်းခေါ်ဆိုမှုပါပဲလို့ ဇီလန်စကီးက ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပြောကြားထားပြီး အရှေ့အလယ်ပိုင်းမှာ အပစ်အခတ်ရပ်စဲရေး သူ့ရဲ့ ပြောင်မြောက်တဲ့ အစီအစဉ် အောင်မြင်မှုအတွက် ထရန့်ကို ချီးကျူးထားပါတယ်။

ဒေသတစ်ခုအတွင်း စစ်ပွဲ တစ်ပွဲကို ရပ်တန့်နိုင်တယ်ဆိုရင် ရုရှားစစ်ပွဲ အပါအဝင် တခြား စစ်ပွဲတွေကိုလည်း ရပ်တန့်နိုင်မှာ သေချာပြီး ညှိနှိုင်းဆွေးနွေးရေး ကရင်မလင်နန်းတော်အပေါ် ဖိအားပေးဖို့ ထရန့်ကို ဇီလန်စကကီးက တိုက်တွန်းထားတာပါ။

ပြီးခဲ့တဲ့ဖေဖော်ဝါရီက အိမ်ဖြူတော်မှာ နှစ်ဦးသား တွေ့ဆုံချိန် ကတောက်ကဆတ် ဖြစ်ခဲ့ကြပြီးနောက်ပိုင်း အမေရိကန်နဲ့ ယူကရိန်း ခေါင်းဆောင်နှစ်ဦးကြား ဆက်ဆံရေး သိသိသာသာ နွေးထွေးလာခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ထရန့်က မော်စကိုအပေါ် ပိုရန်လိုလာတာ တွေ့ရပြီး ယူကရိန်းအပေါ်မှာ ပိုပြီး ကိုယ်ချင်းစာလာခဲ့တာ တွေ့ရပါတယ်။

ယူကရိန်းအနေနဲ့ ဥရောပနဲ့ နေတိုးအဖွဲ့ရဲ့ အကူအညီနဲ့ ဆုံးရှုံးထားတဲ့ နယ်မြေတွေကို ပြန်လည် ရယူသင့်တယ်လို့ ထရန့်က စက်တင်ဘာလ အတွင်း သူ့ရဲ့ လူမှုမီဒီယာ Truth Social မှာ ရေးပါတယ်။

ဒီအတောအတွင်း အမေရိကန် သမ္မတကတော် မီလာနီယာ ထရန့်က ပူတင်နဲ့ အလွတ်သဘော ဆက်သွယ်ပြီး ရုရှား ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ ယူကရိန်း ကလေးတွေ လွတ်မြောက်ရေး ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ပြောပါတယ်။

အောက်တိုဘာ ၁၁ ရက်က ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် ယူကရိန်းမှာ လူ ၅ ဦး သေဆုံးခဲ့ပြီး ယူကရိန်းတောင်ပိုင်း အိုဒက်ဆာဒေသရဲ့ အစိတ်အပိုင်းတွေမှာ ဓာတ်အားပြတ်တောက်သွားခဲ့တယ်လို့ ယူကရိန်းအရာရှိတွေက ပြောထားပါတယ်။

၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို အင်အားအပြည့်အဝနဲ့ ကျူးကျော် တိုက်ခိုက်ပြီးနောက်ပိုင်း ရုရှားက ဆောင်းရာသီ ရောက်တိုင်း ယူကရိန်းရဲ့ စွမ်းအင် အဆောက်အဦတွေကို တိုက်ခိုက်နေတာကြောင့် ဓာတ်အား ပြတ်တောက်မှုတွေ ဖြစ်ပေါ်ပြီး ယူကရိန်းနိုင်ငံသား သန်းပေါင်းများစွာဟာ ဆောင်းရာသီမှာ အပူပေးစက် မရှိဘဲ၊ ရေအလုံအလောက်မရဘဲ နေထိုင်ကြရတာပါ။

အရပ်သားတွေကို ပစ်မှတ်ထားနေတယ်ဆိုတဲ့ ပြောဆိုမှုတွေကို ရုရှားက ငြင်းပယ်ထားပြီး ယူကရိန်းဟာ သူတို့ရဲ့ စစ်ဖက်ဆိုင်ရာကဏ္ဍကို စွမ်းအင်ပေးဖို့ စွမ်းအင် အဆောက်အဦတွေကို အသုံးပြုနေတယ်လို့ ပြောပါတယ်။

စစ်ပွဲရှည်ကြာလာနေချိန်မှာ နှစ်နိုင်ငံကြား ငြိမ်းချမ်းရေး မရယူနိုင်ဖြစ်နေတဲ့ အခြေအနေတွေ အတွက် ရုရှားနဲ့ ယူကရိန်းတို့ အပြန်အလှန် အပြစ်တင်နေကြပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.