ဂျေရုစလင်၊ အောက်တိုဘာ ၁၆
ဂါဇာစစ်ပွဲကို ရပ်တန့်စေခဲ့တဲ့ အမေရိကန် ထောက်ခံတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု သတ်မှတ်ချက်တွေကို ဟားမာ့စ်အဖွဲ့က မလေးစားရင် တိုက်ခိုက်မှုတွေ ပြန်စမှာ ဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီးက ခြိမ်းခြောက်လိုက်ပါတယ်။
သေဆုံးသွားတဲ့ ဓားစာခံ အလောင်း နောက်ထပ် နှစ်လောင်းကို ဟားမာ့စ် အဖွဲ့က ပြန်လွှဲအပ်ပြီး အထူး စက်ကိရိယာတွေ မရှိဘဲ ဂါဇာရှိ အပျက်အစီးတွေကြားက နောက်ထပ် ဓားစာခံ အလောင်းတွေကို ထုတ်ယူဖို့ မဖြစ်နိုင်ဘူးလို့ ပြောကြားခဲ့ပြီးနောက် ကာကွယ်ရေးဝန်ကြီး အစ္စရေး ကာ့ဇ်ရဲ့ရုံးကနေ အခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ရဲ့ ကြားဝင်ညှိနှိုင်းပေးမှုကနေ ရလာတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုအရ ဟားမာ့စ်က အောက်တိုဘာ ကတည်းက အသက်ရှင်လျက်ရှိသေးတဲ့ အစ္စရေး ဓားစာခံ ၂၀ ကို ပြန်လွှဲပေးခဲ့ပြီး အစ္စရေးက ပါလက်စတိုင်း အကျဉ်းသား ၂၀၀၀ လောက်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။
အောက်တိုဘာ ၁၅ ရက် ညနေပိုင်းက ဓားစာခံ အလောင်း နှစ်လောင်း ပြန်မလွှဲပေးခင် ဟားမာ့စ်က သေဆုံးသွားတဲ့ ဓားစာခံ ၂၈ ဦးထဲက အလောင်း ၇ လောင်းကို ပြန်လွှဲပေးခဲ့ပြီး ဖြစ်ပါတယ်။ ဟားမာ့စ် ပြန်လွှဲပေးခဲ့တဲ့ အဌမမြောက် အလောင်းကတော့ အစ္စရေး ဓားစာခံရဲ့ အလောင်းမဟုတ်ဘူးလို့ သိရပါတယ်။

သဘောတူညီမှုကို လိုက်နာဖို့ ဟားမာ့စ်အဖွဲ့က ငြင်းဆန်မယ်ဆိုရင် အမေရိကန်နဲ့ ပူးပေါင်းပြီးတော့ အစ္စရေးက တိုက်ခိုက်မှုတွေ ပြန်စမှာ ဖြစ်သလို ဟားမာ့စ်အဖွဲ့ကို အပြီးတိုင် ချေမှုန်းရေး စစ်ပွဲ ဦးတည်ချက်များအားလုံး အောင်မြင်ရေး လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
နောက်ဆုံးလွှဲပေးလိုက်တဲ့ အလောင်းနှစ်လောင်းဟာ လောလောဆယ် နောက်ဆုံး လွှဲပြောင်းပေးမှု ဖြစ်တယ်လို့ ဟားမာ့စ်ရဲ့ လက်နက်ကိုင် အဖွဲ့က ပြောထားတာကြောင့် အလောင်းအားလုံး ပြန်လွှဲပေးရေး ကတိတည်ဖို့ လိုအပ်နေပါသေးတယ်။
လက်ကျန် အလောင်းတွေကို ပြန်လွှဲပေးနိုင်ရေး မိမိတို့ ကြိုးပမ်းနေပေမယ့် အထူးစက်ကိရိယာတွေ လိုအပ်နေတယ်လို့ ဟားမာ့စ်အဖွဲ့က ပြောပါတယ်။
အစ္စရေးက တိုက်ခိုက်မှုတွေ ပြန်စမယ်လို့ ခြိမ်းခြောက်လိုက်ပြီးနောက် အမေရိကန်အကြီးတန်း အကြံပေးအရာရှိက ဟားမာ့စ်အနေနဲ့ ကတိတည်နိုင်ရေး ကောင်းမွန်တဲ့ စိတ်ထားနဲ့ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
ဟားမာ့စ်အနေနဲ့ သဘောတူညီမှုကို အလေးထားဖို့ ရည်ရွယ်ထားကြောင်း မိမိတို့ ကြားသိထားပြီး သူတို့က သဘောတူညီမှု အထမြောက်စေလိုတယ်လို့ အမည်မဖော်လိုတဲ့ အဲဒီ အမေရိကန် အကြီးတန်းအရာရှိက ဆိုပါတယ်။
လက်ကျန် အလောင်းတွေကို ပြန်လွှဲပေးဖို့ ကြန့်ကြာနေရင် အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟုအပေါ် ပြည်တွင်းမှာ ဖိအားတွေ ရှိလာနိုင်ပြီး အလောင်းတွေ လွှဲပေးရေးကိစ္စကို လူသားချင်းစာနာထောက်ထားရေး အကူအညီတွေနဲ့ ချိတ်ဆက် အသုံးချလာနိုင်ပါတယ်။
ပါလက်စတိုင်း နယ်နိမိတ်ထဲမှာ ကျန်နေရစ်တဲ့ စစ်သားတွေရဲ့ အလောင်းတွေကို ဟားမာ့စ်အဖွဲ့က ပြန်လွှဲပေးဖို့ ပျက်ကွက်မယ်ဆိုရင် ဂါဇာအတွက် အသည်းအသန် လိုအပ်နေတဲ့ အကူအညီတွေကို ဖြတ်တောက်ပစ်မယ်လို့ အစ္စရေး လက်ယာစွန်း အမျိုးသားလုံခြုံရေးဝန်ကြီး အီတမာ ဗန်ဂျီဗာက ခြိမ်းခြောက်ထားပါတယ်။
အစ္စရေးက ဟားမာ့စ်အဖွဲ့ထံ ပြန်လွှဲပြောင်းပေးတဲ့ ပါလက်စတိုင်းသား အလောင်း စုစုပေါင်း ၉၀ ရှိပြီ ဖြစ်ပါတယ်။
Ref:AFP

