ဝါရှင်တန်၊ အောက်တိုဘာ ၁၆
ယူကရိန်းစစ်ပွဲ အဆုံးသတ်စေရေး ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ ကရင်မလင်နန်းတော်အပေါ် ဘဏ္ဍာရေးအရ ဖိအားပေးဖို့ အမေရိကန်က ကြိုးပမ်းနေချိန်မှာ အိန္ဒိယဝန်ကြီးချုပ် နာရိန်ဒရာ မိုဒီက ရုရှား ရေနံတွေ ဝယ်ယူနေမှု ရပ်တန့်ဖို့ သဘောတူထားကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ပြောလိုက်ပါတယ်။
ရုရှားဆီက ရေနံတွေ အိန္ဒိယက ဝယ်ယူနေမှုကို အချိန်တိုအတွင်း ရပ်တန့်သွားမယ်လို့ မိုဒီက အာမခံထားကြောင်းနဲ့ ဒါဟာ ကြီးမားတဲ့ ခြေလှမ်း တစ်ခု ဖြစ်တယ်လို့ ထရန့်က သတင်းထောက်တွေကို ပြောပါတယ်။

ဒါပေမဲ့ ဝါရှင်တန် ဒီစီရှိ အိန္ဒိယသံရုံး ပြောရေးဆိုခွင့်ရှိ အမျိုးသမီးကတော့ မှတ်ချက် မပေးပါဘူး။ အမေရိကန်သမ္မတက သူ့ရဲ့ ကုန်သွယ်ရေးစစ်ပွဲ အတွင်း ရုရှားရေနံတွေ အိန္ဒိယဝယ်ယူနေမှုကို ကုတ်ကန်အားအနေနဲ့ အသုံးချဖို့ ကြိုးပမ်နေပေမယ့် နယူးဒေလီက ခုခံနေတာကြောင့် သံတမန်ရေး တင်းမာမှု ဖြစ်ပေါ်နေပါတယ်။
ရေနံနဲ့သဘာဝဓာတ်ငွေ့တို့ဟာ ရုရှားရဲ့ အကြီးမားဆုံး ပြည်ပပို့ကုန်တွေ ဖြစ်ပြီး မော်စကိုဆီက အများဆုံး ဝယ်ယူနေတဲ့ နိုင်ငံတွေထဲမှာ တရုတ်၊ အိန္ဒိယနဲ့ တူရကီတို့ ပါဝင်နေပါတယ်။
အခုတော့ တရုတ်ကိုလည်း အလားတူ လုပ်ဆောင်လာအောင် ကျွန်တော် လုပ်ဆောင်ရပါမယ်လို့ ထရန့်က ဘဲဥပုံရုံးခန်းမှာ အောက်တိုဘာ ၁၅ ရက်က ပြောပါတယ်။

မော်စကိုရဲ့စွမ်းအင်က ရရှိနေတဲ့ ဝင်ငွေကို တားဆီးရေး ပိုကျယ်ပြန့်တဲ့ ကြိုးပမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ရုရှားဆီက ရေနံဝယ်ယူနေမှုတွေ ရပ်တန့်ဖို့ ထရန့် အစိုးရက ဘေဂျင်းနဲ့ တခြား ကုန်သွယ်ဖက်တွေလည်း တွန်းအားပေးနေပါတယ်။
အိန္ဒိယအနေနဲ့ ရေနံ တင်သွင်းနေမှု အားလုံးကို ချက်ချင်း ရပ်တန့်လို့ မရကြောင်းနဲ့ လုပ်ငန်းစဉ် အနည်းငယ် ပြောင်းလဲမှု ရှိမှာ ဖြစ်ပေမယ့် မကြာခင် အဲဒီ လုပ်ငန်းစဉ် ဖြစ်လာမယ်လို့ သမ္မတထရန့်က ဖြည့်စွက် ပြောကြား ပါတယ်။
ရုရှားဆီက ရေနံတွေနဲ့ လက်နက် ဝယ်ယူနေတဲ့အတွက် အိန္ဒိယကို ဒဏ်ခတ်တဲ့အနေနဲ့ အိန္ဒိယ ကုန်ပစ္စည်းတွေအပေါ် ထရန့် အစိုးရက အခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံထားပါတယ်။
သြဂုတ်လက စတင် အသက်ဝင်ခဲ့ပြီး ကမ္ဘာမှာ အမြင့်မားဆုံး အခွန်နှုန်းထားတွေထဲ ပါဝင်နေတဲ့ အဲဒီ အခွန်အတုပ်တွေမှာ ရုရှားနဲ့ ငွေအပေးအယူ လုပ်မှုတွေအတွက် ဒဏ်ခတ်မှု ၂၅ ရာခိုင်နှုန်း ပါဝင်ပါတယ်။
ယူကရိန်းစစ်ပွဲ ဆင်နွှဲရာမှာ မော်စကိုက အဲဒီလို လုပ်ရပ်တွေကနေ အဓိက ရန်ပုံငွေ ရရှိနေတာ ဖြစ်ပါတယ်။
ရုရှား ခေါင်းဆောင် ဗလာဒီမာ ပူတင်နဲ့ အိန္ဒိယကြား ဆက်ဆံရေးတွေ ရှိနေပေမယ့် ရုရှား-ယူကရိန်း စစ်ပွဲမှာ မိမိတို့ဟာ ကြားနေဖြစ်တယ်လို့ မိုဒီက ပြောကြားပြီး အမေရိကန်ရဲ့ ဖိအားပေးမှုကို လအတော်ကြာ ကြံ့ကြံ့ခံခဲ့ပါတယ်။
အမေရိကန်နဲ့ဥရောပမှာ ရုရှားနဲ့ ကုန်သွယ်မှုတွေ ဆက်ရှိနေတာကြောင့် ယူကရိန်းစစ်ပွဲအတွင်း အိန္ဒိယဟာ ရုရှားဆီက အကျိုးအမြတ် ရရှိနေတယ်ဆိုတဲ့ ထရန့်ရဲ့ စွပ်စွဲမှုဟာ စံနှစ်မျိုး သုံးနေတာ ဖြစ်တယ်လို့ နယူးဒေလီက စွပ်စွဲထားပါတယ်။
အိန္ဒိယဟာ သူတို့ရဲ့ ကမ္ဘာ့ ပဉ္စမအကြီးမားဆုံး စီးပွားရေးကို အထောက်အကူ ဖြစ်စေဖို့ ရုရှားရေနံစိမ်းတွေကို အားကိုးနေရပြီး ရုရှားဆီက လျှော့ဈေးနဲ့ ဝယ်ယူခွင့် ရရှိနေပါတယ်။
အိန္ဒိယခေါင်းဆောင်ဟာ ကြီးကျယ်သူ ဖြစ်တယ်လို့ ထရန့်က အောက်တိုဘာ ၁၅ ရက်က ချီးကျူးခဲ့ပေမယ့် ရုရှားရေနံ ဝယ်ယူနေမှုနဲ့ ပတ်သက်လို့ သူတို့နှစ်ယောက်ကြား ဆက်ဆံရေး အဆင်မပြေ ဖြစ်နေပါတယ်။
မိုဒီကတော့ ပြီးခဲ့တဲ့ သီတင်းပတ်က ထရန့်နဲ့ ဆွေးနွေးခဲ့ပြီး ညှိနှိုင်းမှုတွေ အခြေအနေတိုးတက်လာဖို့ အလားအလာကောင်းတယ်လို့ ပြောဆိုထား ပါတယ်။
Ref:BBC

