ဝါရှင်တန်၊ အောက်တိုဘာ ၁၆
ကာကွယ်ရေး အသုံးစရိတ်ကို နိုင်ငံ့ GDP ရဲ့ ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ဖို့ ငြင်းဆိုနေတဲ့ စပိန်ကို အခွန်တွေ တိုးမြှင့်ကောက်ခံတာ အပါအဝင် ကုန်သွယ်ရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်သွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ခြိမ်းခြောက်လိုက်ပြီး သူ့အနေနဲ့ မပျော်ရွှင်ဖြစ်ရသလို စပိန်ရဲ့လုပ်ရပ်ဟာ နေတိုးအဖွဲ့အပေါ် မလေးစားရာရောက်တယ်လို့ ပြောပါတယ်။
ကာကွယ်ရေး အသုံးစရိတ်ကို ၅ ရာခိုင်နှုန်းအထိ မတိုးမြှင့်တာ စပိန် တစ်နိုင်ငံတည်းပဲ ရှိတာကြောင့် မိမိအနေနဲ့ မပျော်ရွှင် ဖြစ်ရတယ်လို့ ထရန့်က ပြောပါတယ်။

နေတိုးအဖွဲ့ဝင်တွေအနေနဲ့ သူတို့ရဲ့ ကာကွယ်ရေးအတွက် ငွေပိုသုံးစွဲကြဖို့ ထရန့်က အကြိမ်ကြိမ် တွန်းအားပေးခဲ့ပြီး ကာကွယ်ရေး အသုံးစရိတ် မတိုးမြှင့်တဲ့ နေတိုးအဖွဲ့ဝင် နိုင်ငံကို အမေရိကန်က မကာကွယ်ပေးလိုတဲ့ သဘောပြောဆိုထားပါတယ်။
ကတိအတိုင်း လိုက်နာဖို့ ငြင်းဆိုနေတဲ့ စပိန်ကို နေတိုးအဖွဲ့ကနေ ထုတ်ပယ်သင့်တယ်လို့ ထရန့်က ဖင်လန်သမ္မတနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က တွေ့ဆုံချိန်မှာ ပြောကြားခဲ့ပါတယ်။
၂၀၂၂ ခုနှစ်အတွင်း ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်း ရုရှားရဲ့ အန္တရာယ်ပိုများလာတာကို အကြောင်းပြပြီး ထရန့်က နေတိုး အဖွဲ့ဝင်နိုင်ငံတွေရဲ့ အရင်က ကာကွယ်ရေး အသုံးစရိတ် ၂ ရာခိုင်နှုန်းဟာ မလုံလောက်တော့ဘူးလို့ ပြောဆိုခဲ့ပါတယ်။

အဖွဲ့ဝင် ၃၂ နိုင်ငံရှိတဲ့ နေတိုးအဖွဲ့မှာ ကာကွယ်ရေး အသုံးစရိတ် ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ရေး ကတိကို မလိုက်နာသေးတာဟာ စပိန် တစ်နိုင်ငံတည်းပဲ ရှိပါတယ်။
စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်က မိမိတို့အနေနဲ့ ကာကွယ်ရေး အသုံးစရိတ်ကို ၂ ဒသမ ၁ ရာခိုင်နှုန်းအထိပဲ တိုးမြှင့် သုံးစွဲသွားမှာ ဖြစ်ပြီး ဒီပမာဏဟာ လုံလောက်သလို လက်တွေ့ကျတယ်လို့ ပြောဆိုခဲ့ပါတယ်။
၁၉၈၂ ခုနှစ်မှာ နေတိုးအဖွဲ့ဝင် ဖြစ်လာခဲ့တဲ့ စပိန်က သူတို့အနေနဲ့ လက်ဗီးယား၊ စလိုဗက်ကီးယား၊ ရိုမေးနီးယား၊ ဘူလ်ဂေးရီးယားနဲ့ တူရကီတို့မှာ တပ်ဖွဲ့ဝင်တွေ ချထားပေးပြီး နေတိုးအဖွဲ့ရဲ့ စစ်ရေးမစ်ရှင်တွေမှာ ကူညီပေးထားတာကြောင့် ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်မှုကနေ ကင်းလွတ်ခွင့် ပေးသင့်တယ်လို့ စောဒကတက်ထားပါတယ်။
Ref:Reuters

