ဘန်ကောက်၊ အောက်တိုဘာ ၁၆
ထိုင်းမှာ မော်ဒယ် အလုပ်ရမယ်ဆိုပြီး လိမ်လည် ခေါ်ယူခံရတဲ့ ဘီလာရုစ် အမျိုးသမီး တစ်ဦး မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းထဲ ပြန်ပေးဆွဲ သတ်ဖြတ်ခံရပြီး ကိုယ်တွင်းအင်္ဂါတွေ ထုတ်ရောင်းစားမှု ဖြစ်ပွားခဲ့တယ်လို့ ရုရှား အွန်လိုင်းသတင်းစာ Mash news က ဖော်ပြပါတယ်။
အသက် ၂၆ နှစ်အရွယ် ဗီရာ ခရက်ဆိုဗာဟာ ဘန်ကောက်မှာ မော်ဒယ် အလုပ်ရမယ်ဆိုပြီး လိမ်လည်ခေါ်ယူမှုကြောင့် ထိုင်းသို့ ကနဦး ရောက်ရှိလာခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ လူမှောင်ခိုကူးခံခဲ့ရတာလို့ အဲဒီ သတင်းမှာ ဖော်ပြထားပါတယ်။

သူဟာ မြန်မာနိုင်ငံက ကျားဖြန့်လုပ်ငန်းမှာ ကျွန်ပြုခံရပြီး သူ့ရဲ့ အရှင်သခင်တွေအတွက် အမှုတော် ထမ်းပေးရသလို လူချမ်းသာတွေဆီက ငွေလိမ်တောင်းပေးတဲ့ အလုပ်ကို လုပ်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
သူဟာ စက်တင်ဘာ ၂၁ ရက်က မြန်မာနိုင်ငံသို့ ဖမ်းဆီးခေါ်ဆောင်ခံရတာ ဖြစ်တယ်လို့ တခြား သတင်းတွေမှာလည်း ဖော်ပြထားပါတယ်။
ကျားဖြန့်လုပ်ငန်းက သူ့ရဲ့ နိုင်ငံကူးလက်မှတ်နဲ့ လက်ကိုင်ဖုန်းတွေကို သိမ်းဆည်းထားပြီး ကမ္ဘာတဝန်းရှိ လူချမ်းသာတွေကို လိမ်လည်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

သူ့အနေနဲ့ အမြဲ ကျော့ရှင်းလှပအောင် နေရမှာ ဖြစ်ပြီး လူချမ်းသာတွေဆီက ငွေလိမ်တောင်းပေးရမယ်လို့ သူ့ကို ပြန်ပေးဆွဲသူတွေက ပြောကြားခဲ့ကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
သူ့အသက်အန္တရာယ် စိုးရိမ်ရတာကြောင့် ကနဦးမှာ သူက စေခိုင်းတဲ့ အတိုင်း လုပ်ပေးခဲ့ပေမယ့် မကြာခင်မှာ သူလိမ်လို့ရတဲ့ လူချမ်းသာတွေ ပိုပိုနည်းလာတာကြောင့် ဝင်ငွေ မရှာပေးနိုင် ဖြစ်လာပြီးနောက်မှာ ထူးထူးဆန်းဆန်း ပျောက်ဆုံးသွားခဲ့ပါတယ်။
သီတင်းပတ် အနည်းငယ်အကြာမှာတော့ သူ့ကို သေဆုံးလျက် တွေ့ရှိထားကြောင်း သူ့မိသားစုဆီ သတင်းရောက်ရှိလာခဲ့ပါတယ်။
အဲဒီနောက် ဗီရာ ခရက်ဆိုဗာရဲ့ အလောင်းကို ပြန်လိုချင်ရင် ဒေါ်လာ ၅ သိန်းပေးရမယ်လို့ သူ့မိသားစုဆီ မက်ဆေ့ချ် ရောက်ရှိလာခဲ့တယ်လို့လည်း သိရပါတယ်။
မိသားစုက ငွေမပေးနိုင်ဘူးလို့ ပြောလိုက်တဲ့ အချိန်မှာတော့ သူ့အလောင်းကို ကျုပ်တို့ မြှုပ်လိုက်ပြီဆိုတဲ့ မက်ဆေ့ချ် တစ်ခု ထပ်ရောက်လာခဲ့ပါတယ်။
နောက်ရက်အနည်းငယ် ကြာပြီးနောက်မှာတော့ ဗီရာ ခရက်ဆိုဗာကို သတ်ဖြတ်ပြီး သူ့ရဲ့ ကိုယ်တွင်းအင်္ဂါတွေကို မှောင်ခိုဈေးကွက်မှာ ရောင်းချလိုက်ပြီး ဖြစ်ကြောင်း သူ့ရဲ့ မိသားစုကို အသိပေးလာခဲ့တယ်လို့ ရုရှား အွန်လိုင်းမီဒီယာတွေမှာ ဆိုပါတယ်။
သူဟာ တက္ကသိုလ် ဘွဲ့ရ တစ်ယောက်ဖြစ်ပြီး ဘီလာရုစ်မြို့တော် မင့်ဇ်ကနေ မကြာသေးခင်ကမှ ရုရှားနိုင်ငံ စိန့်ပီတာစဘာ့ဂ်မြို့သို့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။
သူဟာ ဘီလာရုစ်မှာ အဆိုပြိုင်ပွဲလည်း ဝင်ပြိုင်ခဲ့ဖူးတာကြောင့် တချို့သတင်းတွေမှာ အဆိုတော် တစ်ယောက် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
Ref:The Sun

