ကိဗ်၊ အောက်တိုဘာ ၁၇
အပူချိန် လျော့ကျနေချိန် ရုရှားက ယူကရိန်း စွမ်းအင်ကွန်ရက်ကို အရှိန်မြှင့် တိုက်ခိုက်နေတာကြောင့် အောက်တိုဘာ ၁၆ ရက်က နိုင်ငံတဝန်းနှစ်ရက်ဆက်တိုက် လျှပ်စစ်ဓာတ်အား ဖြတ်တောက်မှုတွေ ပြုလုပ်ခဲ့ရတယ်လို့ ယူကရိန်း လျှပ်စစ်ဓာတ်အားပေးရေး လုပ်ငန်းက ပြောလိုက်ပါတယ်။
ယူကရိန်း အရှေ့ပိုင်းရှိ သဘာဝဓာတ်ငွေ့ အဆောက်အဦတွေကို ရုရှားက တိုက်ခိုက်မှုကြောင့် ကျယ်ပြန့်တဲ့ အနှောင့်အယှက် ဖြစ်မှုတွေ ရှိခဲ့တာပါ။

ရုရှားက ဆောင်းရာသီမှာ မိမိတို့ရဲ့ စွမ်းအင် အဆောက်အဦတွေကို ကြီးမားတဲ့ အတိုင်းအတာနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ယူကရိန်းက ပြောပါတယ်။
ဆောင်းရာသီတွေမှာ ယူကရိန်း ပြည်သူတွေဟာ အပူချိန် လျော့ကျလွန်းတာကြောင့် အပူပေးစက်တွေ ဖွင့်ဖို့ လျှပ်စစ်ဓာတ်အား မဖြစ်မနေ လိုအပ်နေပါတယ်။
စွမ်းအင်စနစ်အတွက် စိန်ခေါ်မှုတွေ ရှိနေတာကြောင့် ယူကရိန်း နိုင်ငံတဝန်းဒေသအားလုံးမှာ ဓာတ်အား ဖြတ်တောက်မှုတွေ ပြုလုပ်ခဲ့ရတယ်လို့ အစိုးရ လျှပ်စစ်ဓာတ်အားပေးရေး လုပ်ငန်း Ukrenergo က ပြောထားတာပါ။

ပြည်သူတွေအနေနဲ့ လျှပ်စစ်ဓာတ်အား လျှော့သုံးကြဖို့ ယူကရိန်း အာဏာပိုင်တွေက ဆော်သြထားပြီး အခုလို လျှပ်စစ်ဓာတ်အား ဖြတ်တောက်မှုတွေဟာ အားလုံး အချိုးကျ ရရှိအောင် ဆောင်ရွက်မှု ဖြစ်တယ်လို့ သိရပါတယ်။
ခါကိဗ် ဒေသတစ်ခုလုံး လျှပ်စစ်ဓာတ်အား ပြတ်တောက်နေပြီး ဈေးဆိုင်တွေအနေနဲ့ မီးစက်တွေနဲ့ ဆိုင်ဆက်ဖွင့်နေရတယ်လို့ ဆိုပါတယ်။
Naftogaz လုပ်ငန်း စီအီးအို ဆာဂျီ ခိုရက်စကီးက ဒေသများစွာမှာ ထိခိုက် ပျက်စီးမှုတွေ ရှိနေတာကြောင့် အဓိက စွမ်းအင်ပေးစက်ရုံတွေမှာ လုပ်ငန်း လည်ပတ်မှုတွေ ရပ်ဆိုင်းထားရတယ်လို့ ပြောပါတယ်။
ရုရှားက အောက်တိုဘာ ၁၅ ရက် ညပိုင်းမှာ ဒရုန်း အစင်းရေ ၃၂၀၊ ဒုံးကျည် ၃၇ စင်းနဲ့ တိုက်ခိုက်ခဲ့ပြီး ဒရုန်း ၂၈၃ စင်းနဲ့ ဒုံးကျည် ၅ စင်းကို ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းလေတပ်က ပြောထားပါတယ်။
အခုနှစ် ဆောင်းဦးရာသီမှာ ရုရှားက မိမိတို့ရဲ့ စွမ်းအင် အဆောက်အဦတွေကို နေ့စဉ်နေ့တိုင်း တိုက်ခိုက်နေတယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။
ယူကရိန်းရဲ့ ဂတ်စ် ထုတ်လုပ်မှု ၆၀ ရာခိုင်နှုန်း ရပ်တန့်သွားပြီး ဒေသခံ ထောင်ပေါင်းများစွာဟာ လျှပ်စစ်ဓာတ်အား မရှိဘဲ နေထိုင်နေကြရတယ်လို့ မီဒီယာတွေက ဖော်ပြထားပါတယ်။
ယူကရိန်းကလည်း လက်စား ပြန်ချေတဲ့အနေနဲ့ ရုရှား ရေနံသန့်စင်စက်ရုံတွေနဲ့ ပို့ဆောင်ရေး စုရပ်တွေကို ဒရုန်းတွေနဲ့ အရှိန်မြှင့် တိုက်ခိုက်နေပါတယ်။
ခါဆွမ်ဒေသရှိ ရုရှား တင်မြှောက်ထားတဲ့ အစိုးရအဖွဲ့က ယူကရိန်းရဲ့ တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၁ သိန်း နီးပါး ဓာတ်အား ပြတ်တောက်နေတယ်လို့ ပြောပါတယ်။
ယူကရိန်း စွမ်းအင် အဆောက်အဦတွေကို တိုက်ခိုက်မှုတွေကြောင့် ရုရှား စစ်ဖက်ဆိုင်ရာ အကြီးတန်း အရာရှိ နှစ်ဦးကို နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး ICC က ပြီးခဲ့တဲ့နှစ်အတွင်း ဖမ်းဝရမ်း ထုတ်ခဲ့ပြီး အရပ်သား အများအပြားကို ထိခိုက်စေတဲ့အတွက် အဲဒီတိုက်ခိုက်မှုတွေဟာ စစ်ရာဇဝတ်မှု မြောက်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဆောင်းရာသီ ဝင်ရောက်လာနေချိန်မှာ အရေးကြီးတဲ့ စွမ်းအင် အဆောက်အဦတွေကို ကာကွယ်ရေး လေကြောင်းရန်ကာကွယ်ရေး စနစ်တွေ ပိုမို ပေးပို့ဖို့ ယူကရိန်းက အနောက်တိုင်း မဟာမိတ်တွေကို ထပ်မံ တောင်းဆိုထားပါတယ်။
Ref:AFP

