ဂါဇာမှာ ကူးစက်နိုင်တဲ့ ရောဂါတွေ ထိန်းချုပ်မရအောင် ပျံ့နှံ့နေတယ်လို့ WHO သတိပေး

ကိုင်ရို၊ အောက်တိုဘာ ၁၇

ဂါဇာမှာ ကူးစက်နိုင်တဲ့ ရောဂါတွေ ထိန်းချုပ်မရအောင် ပျံ့နှံ့နေပြီး ပါလက်စတိုင်း နယ်နိမိတ်ထဲရှိ ဆေးရုံ ၃၆ ခုထဲက ၁၃ ခုမှာ တစ်စိတ်တစ်ပိုင်းပဲ လည်ပတ်နိုင်တဲ့ အခြေအနေ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးလိုက်ပါတယ်။

ဦးနှောင့် အမြှေးပါးရောင်ရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အသက်ရှူ လမ်းကြောင်း ရောဂါတွေ ဖြစ်ပွားမှု အရမ်းများနေပြီး မိမိတို့အတွက် ဆောင်ရွက်စရာ ဧရာမ အလုပ်ကြီးတစ်ခု ရှိနေတယ်လို့ ကုလသမဂ္ဂ ကျန်းမာရေး အဖွဲ့အစည်း WHO ရဲ့ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဟာနန် ဘော်ခီက ကိုင်ရိုမြို့မှာ ပြောပါတယ်။

စစ်ပွဲ နှစ်နှစ်ကြာ ဖြစ်ပွားခဲ့ပြီးနောက် အစ္စရေးနဲ့ဟားမာ့စ်ကြား အပစ်အခတ် ရပ်စဲလိုက်ပြီဖြစ်တဲ့အတွက် နောက်ဆုံးမှာ ဂါဇာရှိ ပါလက်စတိုင်းသားများထံ အသက်ကယ်ဆယ်ရေးနဲ့ ကျန်းမာရေး စောင့်ရှောက်ရေး အဖွဲ့တွေ ရောက်ရှိနိုင်တော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ မြင့်တက်လာပေမယ့် စိန်ခေါ်မှုတွေက စိတ်ကူးကြည့်လို့တောင် မရဘူးလို့ WHO ညွှန်ကြားရေးမှူး ဟာနန် ဘော်ခီက ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသထဲကို ဝင်ရောက်ဖို့ လောင်စာတွေ၊ စားနပ်ရိက္ခာတွေ၊ ဆေးပစ္စည်း ကိရိယာတွေ၊ ဆေးဝါးတွေ ဆေးဝန်ထမ်းတွေနဲ့ ဆရာဝန်တွေ ပိုပြီး လိုအပ်နေပါတယ်လို့ ညွှန်ကြားရေးမှူး မစ္စစ် ဘော်ခီက ပြောထားပါတယ်။

ဂါဇာ ကမ်းမြောင်ဒေသထဲသို့ အကူအညီတွေ ကြီးမားတဲ့ အတိုင်းအတာနဲ့ ဝင်ရောက်ခွင့်ပြုရေး နိုင်ငံတကာ ခေါင်းဆောင်တွေ တောင်းဆိုထားတဲ့ အတိုင်း သူကလည်း တောင်းဆိုထားပါတယ်။

ဂါဇာ ကမ်းမြောင်ဒေသရဲ့ အဓိက မြို့ပြဒေသ ဖြစ်တဲ့ ဂါဇာစီးတီးမှာ ကျန်းမာရေး အဆောက်အဦ ၈ ခု ရှိပေမယ့် အားလုံးဟာ တစ်စိတ်တစ်ပိုင်းလောက်ပဲ လည်ပတ်နိုင်တယ်လို့ WHO ရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

မပျက်စီးဘဲ ကျန်နေရစ်တဲ့ ကျန်းမာရေး အဆောက်အဦတွေမှာ ဆေးဝန်ထမ်းတွေ ပြတ်လတ်နေပြီး ဆေးဝန်ထမ်းတွေ ကိုယ်တိုင် အငတ်ဘေးနဲ့ ရင်ဆိုင်နေရပါတယ်။

အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် ဂါဇာမှာ လူပေါင်း ၆၈၀၀၀ လောက် သေဆုံးခဲ့ရတယ်လို့ ဟားမာ့စ်အဖွဲ့ရဲ့ ကျန်းမာရေးဌာနက ဖော်ပြထားပြီး အဲဒီ ကိန်းဂဏန်းတွေဟာ ယုံကြည်စိတ်ချလို့ရတယ်လို့ WHO က မှတ်ယူထားပါတယ်။

ဂါဇာမှာ ပျက်စီးသွားတဲ့ ဆေးရုံတွေကို ပြန်လည် တည်ဆောက်ဖို့ ပြောဆိုနေကြပေမယ့် ပြန်လည် ထူထောင်ရေးကာလမှာ ဆေးရုံတွေ အရေးတကြီး လိုအပ်နေတာက ဖြေရှင်းရခက်ခဲတဲ့ အခြေအနေ ဖြစ်နေတယ်လို့ မစ္စစ် ဘော်ခီက ပြောပါတယ်။

ဂါဇာမှာ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ပြိုလဲနေပြီဖြစ်တဲ့အတွက် ပြန်လည် တည်ဆောက်ရေး ဒေါ်လာ ဘီလီယံ များစွာ ကုန်ကျမှာ ဖြစ်သလို ဆယ်စုနှစ်ပေါင်း များစွာကြာအောင် ကြိုးပမ်းရဦးမှာ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှာ ဟားမာ့စ်အဖွဲ့က အစ္စရေးသို့ ဝင်ရောက် တိုက်ခိုက်မှုကြောင့် စစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဂါဇာ ကျန်းမာရေး အဆောက်အဦတွေဟာ အကြိမ် ၈၀၀ ကျော် တိုက်ခိုက်ခံခဲ့ရတယ်လို့ ကုလသမဂ္ဂရဲ့ အချက်အလက်တွေက ဖော်ပြထားပါတယ်။

ဂါဇာ ကျန်းမာရေး စောင့်ရှောက်မှုစနစ် အနည်းငယ်သာ ကျန်ရှိတော့ပြီး ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း မွေးဖွားခဲ့တဲ့ ကလေးငယ်တွေဟာ ကာကွယ်ရေး လုံးဝ ထိုးနှံခဲ့ရတာ မရှိတာ ဒါမှမဟုတ် အနည်းငယ်ပဲ ထိုးနှံခဲ့ရတယ်လို့ WHO က ပြောပါတယ်။

လူပေါင်း ၄၂၀၀၀ လောက်ဟာ ဘဝပြောင်းလဲသွားစေတဲ့ ထိခိုက်ဒဏ်ရာရမှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီး သူတို့ထဲက ထက်ဝက်ဟာ ကလေးငယ်တွေ ဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

လူနာတွေအနေနဲ့ အနောက်ဖက်ကမ်းခြေဒေသသို့ သွားရောက် ဆေးကုသမှု ခံယူခွင့် ရရင် အခြေအနေ နည်းနည်း သက်သာလာနိုင်တယ်လို့ မစ္စစ် ဘော်ခီက ပြောပေမယ့် စစ်ပွဲတလျှောက် ပါလက်စတိုင်းသားတွေကို အစ္စရေးက ဂါဇာဒေသ ပြင်ပသို့ ထွက်ခွင့် တားမြစ်ထားခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.