ဂျီနီဗာ၊ အောက်တိုဘာ ၁၇
ထိပ်တန်း အလှူရှင်တွေရဲ့ ရန်ပုံငွေ ကြီးကြီးမားမား လျှော့ချလိုက်တဲ့ ရလဒ်ကြောင့် လူပေါင်း ၁၄ သန်းလောက် ပြင်းပြင်းထန်ထန် ဆာလောင်ငတ်မွတ်နိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ် ရိက္ခာ စီမံကိန်း WFP က သတိပေးလိုက်ပါတယ်။
အစဉ်အလာအရ ကုလသမဂ္ဂမှာ ရန်ပုံငွေ အများဆုံး ရရှိနေတဲ့ WFP ရဲ့ ရန်ပုံငွေဟာ အခုနှစ်မှာ ၄၀ ရာခိုင်နှုန်း လျော့ကျမှာ ဖြစ်ပြီး သူတို့ရဲ့ ဘက်ဂျက်ကို ဒေါ်လာ ၆ ဒသမ ၄ ဘီလီယံသို့ လျှော့ချထားတာပါ။

အမေရိကန်ဟာ WFP အတွက် ရန်ပုံငွေ အများဆုံး ထည့်ဝင်ပေးတဲ့ နိုင်ငံ အဖြစ် ဆက်ရှိနေပေမယ့် သမ္မတ ဒေါ်နယ် ထရန့် အစိုးရလက်ထက် ပြည်ပ ရန်ပုံငွေများ လျှော့ချမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ သူတို့ရဲ့ ထည့်ဝင်ငွေကို ဒေါ်လာ ၃ ဘီလီယံ နီးပါး လျှော့ချထားပါတယ်။
တခြား အဓိကနိုင်ငံတွေကလည်း အလှူငွေ ထည့်ဝင်မှုတွေ လျှော့ချထားကြ ပါတယ်။
မိမိတို့ရဲ့ စားနပ်ရိက္ခာ အကူအညီ လျှော့ချမှုကြောင့် အာဖဂန်နစ္စတန်၊ ကွန်ဂိုပြည်ထောင်စု၊ ဟေတီ၊ ဆိုမာလီယာ၊ တောင်ဆူဒန်နဲ့ ဆူဒန်နိုင်ငံရှိ လူပေါင်း ၁၃ ဒသမ ၇ သန်းဟာ ဆာလောင် ငတ်မွတ်မှု ပြဿနာ ကြုံနေရာကနေ အရေးပေါ် အခြေအနေကို ရောက်ရှိသွားနိုင်တယ်လို့ WFP ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဆာလောင်ငတ်မွတ်မှုကို နိုင်ငံတကာရဲ့ တိုင်းတာမှုမှာ အဆင့် ၅ ဆင့်ရှိပြီး အဲဒီ အရေးပေါ်အဆင့်ဟာ အငတ်ဘေးဆိုက်ကြောင်း ကြေညာတဲ့ အခြေအနေ ရောက်ဖို့ တစ်ဆင့်တည်းပဲ လိုပါတော့တယ်။
ဆောင်းရာသီ ဝင်ရောက်လာတော့မယ့်အချိန် အာဖဂန်နစ္စတန်မှာ လိုအပ်နေသူတွေဆီ စားနပ်ရိက္ခာ ရောက်ရှိမှုက ၁၀ ရာခိုင်နှုန်းအောက်ပဲ ရှိတော့တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာ အေဂျင်စီက ပြောပါတယ်။
ဆူဒန်နဲ့ စစ်ပွဲ နှစ်နှစ်ကြာ ဖြစ်ပွားခဲ့တဲ့ ဂါဇာမှာ အငတ်ဘေးဆိုက်နေပြီ ဖြစ်ကြောင်း ကြေညာထားရပြီး ဖြစ်တယ်လို့လည်း WFP က ပြောပါတယ်။
အင်ဒိုနီးရှား၊ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ချ်တို့အပါအဝင် အာရှရဲ့ ထိပ်တန်း စာနပ်ရိက္ခာ တင်ပို့တဲ့ နိုင်ငံတွေမှာလည်း ဆာလောင် ငတ်မွတ်မှု၊ အာဟာရချို့တဲ့မှု ပြဿနာတွေနဲ့ အခက်ကြုံနေရပါတယ်။
ကမ္ဘာပေါ်မှာ စားနပ်ရိက္ခာ အများဆုံး တင်ပို့တဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်တဲ့ အိန္ဒိယမှာ အာဟာရ ချို့တဲ့နေသူ ၁၇၂ သန်းလောက် ရှိနေပါတယ်။
အိန္ဒိယမှာ ကလေးငယ်တွေကြား အာဟာရချို့တဲ့မှုဟာ ကမ္ဘာမှာ အများဆုံး ဖြစ်ပါတယ်။
ကမ္ဘာမှာ ဆန်အများဆုံး တင်ပို့တဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်တဲ့ ထိုင်းမှာ လူပေါင်း ၆ သန်းလောက် ဆာလောင်ငတ်မွတ်နေပါတယ်။
စာနပ်ရိက္ခာ တင်ပို့တဲ့ နိုင်ငံတွေဟာ ပြည်ပကို ပို့ရင် အမြတ်အစွန်း များများ ရရှိနေပြီး ထုတ်လုပ်သူတွေက ပြည်ပဈေးကွက်တွေ အတွက် ဦးစားပေး ထုတ်လုပ်လာနေကြတာကြောင့် ပြည်တွင်းမှာ လူအများ တတ်နိုင်တဲ့ ဈေးနဲ့ ရောင်းပေးဖို့ အာမမခံနိုင် ဖြစ်နေပါတယ်။
ဒါကြောင့်ပဲ ပြည်တွင်း ထောက်ပံ့မှု မလုံလောက် ဖြစ်လာပြီး ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် အသစ် ထုတ်လုပ်တဲ့ စားနပ်ရိက္ခာတွေဟာ လူအများကြီး အတွက် ဝယ်ယူဖို့ မတတ်နိုင် ဖြစ်လာနေပါတယ်။
Ref:CAN

