ဒါကာ၊ အောက်တိုဘာ ၁၇
ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာကို ရာထူးက ပြုတ်ကျစေခဲ့တဲ့ ပြီးခဲ့တဲ့နှစ် ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကို ဆိုးဆိုးရွားရွား နှိမ်နှင်းမှုနဲ့ ပတ်သက်လို့ သူ့ကို သေဒဏ်ချမှတ်ပေးဖို့ ဘင်္ဂလားဒေ့ချ် အစိုးရရှေ့နေတွေက တောင်းဆိုလိုက်ပါတယ်။
အိန္ဒိယသို့ ထွက်ပြေးသွားတဲ့ ဟာဆီနာဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် မျက်ကွယ်မှာ စစ်ဆေးခံနေရပါတယ်။

ပေါက်ကြားလာတဲ့ အသံဖိုင် တစ်ခုမှာ ဟာဆီနာက ဆန္ဒပြသူတွေကို သေစေနိုင်တဲ့ လက်နက်တေါ သုံးပြီး နှိမ်နှင်းဖို့ ညွှန်ကြားခဲ့တာ တွေ့ရပေမယ့် သူက စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
ဟာဆီနာရဲ့ ၁၅ နှစ်ကြာ အုပ်ချုပ်မှုကို အဆုံးသတ်စေခဲ့တဲ့ သီတင်းပတ်များစွာကြာ ဆန္ဒပြပွဲတွေအတွင်း လူပေါင်း ၁၄၀၀ အထိ သေဆုံးခဲ့ရပါတယ်။
အဲဒါဟာ ၁၉၇၁ ခုနှစ်က ဘင်္ဂလားဒေ့ချ်ရဲ့ လွတ်လပ်ရေးစစ်ပွဲ နောက်ပိုင်း အဆိုးရွားဆုံး အကြမ်းဖက်မှု ဖြစ်ပါတယ်။

ဟာဆီနာအနေနဲ့ သေဒဏ် ၁၄၀၀ နဲ့ ထိုက်တန်တယ်လို့ ဘင်္ဂလားဒေ့ချ် အစိုးရရှေ့နေချုပ် တာဂျူး အစ္စလာမ်က ပြောပါတယ်။
အဲဒီလို ချမှတ်ဖို့က လူသားမဆန်တဲ့အတွက် ဟာဆီနာကို အနည်းဆုံး သေဒဏ် တစ်ကြိမ် ချမှတ်ပေးဖို့ မိမိတို့ တောင်းဆိုနေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဟာဆီနာက သူကိုယ်တိုင်နဲ့ သူ့မိသားစုအတွက် အာဏာကို ထာဝရ ဆုပ်ကိုင်ထားဖို့ ရည်ရွယ်ခဲ့တာ ဖြစ်တယ်လို့ အစိုးရရှေ့နေချုပ် အစ္စလာမ်က တရားရုံးမှာ အောက်တိုဘာ ၁၆ ရက်က ပြောလိုက်တာပါ။
၁၉၇၁ ခုနှစ် လွတ်လပ်ရေး စစ်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့သူတွေရဲ့ ဆွေမျိုးသားချင်းတွေအတွက် အစိုးရ အလုပ်အကိုင် ခွဲတန်းထားရှိမှုကို ၂၀၂၄ ဇွန်လက စတင် ဆန္ဒပြခဲ့ကြတာ ဖြစ်ပေမယ့် မကြာခင်မှာပဲ ဟာဆီနာကို ဖြုတ်ချရေး ဧရာမ ဆန္ဒပြပွဲအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။
သြဂုတ် ၅ ရက်မှာတော့ အဆိုးရွားဆုံး ဖြစ်ရပ် တချို့ ဖြစ်ပွားခဲ့ပြီး ဒါကာမြို့ရှိ နေအိမ်ကို ဆန္ဒပြသူတွေ ဝင်ရောက် မစီးနင်းခင် ဟာဆီနာဟာ ရဟတ်ယာဉ်နဲ့ ထွက်ပြေးသွားခဲ့ရပါတယ်။
ဟာဆီနာအတွက် အစိုးရ ခန့်အပ်ထားတဲ့ ရှေ့နေက ဆန္ဒပြသူတွေ အကြမ်းဖက်တာကြောင့် ရဲတပ်ဖွဲ့က မဖြစ်မနေ ပစ်ခတ်ခဲ့ရတာ ဖြစ်တယ်လို့ စောဒက တက်ခဲ့ပါတယ်။
ဟာဆီနာရဲ့ အမှုကို သူ့ရဲ့ ပြည်ထဲရေး ဝန်ကြီးဟောင်း ခန်း ကာမဲလ်၊ ရဲချုပ်ဟောင်း အဗဒူလာ အယ်လ် မာမွမ်တို့ရဲ့ အမှုတွေနဲ့ အတူ စစ်ဆေးနေတာ ဖြစ်ပါတယ်။
အဗ္ဗဒူလာ အယ်လ် မာမွမ်က အပြစ်ရှိကြောင်း ဇူလိုင်လက ထွက်ဆိုခဲ့ပေမယ့် သူ့ကို ပြစ်ဒဏ် မချရသေးပါဘူး။
ပုန်းအောင်းနေတဲ့ ခန်းကာမဲလ်ကိုလည်း သေဒဏ်ချမှတ်ဖို့ အစိုးရရှေ့နေတွေက ကြိုးပမ်းနေကြပါတယ်။
ဘင်္ဂလားဒေ့ချ်မှာ လာမယ့်နှစ် ဖေဖော်ဝါရီအတွင်း ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်ထားပြီး ဟာဆီနာရဲ့ ပြိုင်ဖက် BNP ပါတီ အနိုင်ရဖို့ ရေပန်းစားနေပါတယ်။
ဟာဆီနာရဲ့ Awami League ပါတီကတော့ ရွေးကောက်ပွဲ ဝင်ခွင့် အပါအဝင် နိုင်ငံရေး လှုပ်ရှားမှု အားလုံး တားမြစ်ခံထားရပါတယ်။
Ref:BB

