ကမ္ဘောဒီးယားမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံသား ၆၄ ဦးကို တောင်ကိုရီးယား ပြန်လည်ခေါ်ယူ

ဆိုးလ်၊ အောက်တိုဘာ ၁၈

အွန်လိုင်းလူလိမ်လုပ်ငန်းတွေမှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် ကမ္ဘောဒီးယားမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံသား ၆၄ ဦးကို အောက်တိုဘာ ၁၈ ရက်က မိခင်နိုင်ငံသို့ ပြန်လည် ခေါ်ယူခဲ့ကြောင်း တောင်ကိုရီးယား ရဲအရာရှိ တစ်ဦးက ပြောပါတယ်။

တောင်ကိုရီးယား နိုင်ငံသား ဒါဇင်ပေါင်းများစွာ ပြန်ပေးဆွဲခံရမှု ပါဝင်နေတဲ့ အွန်လိုင်း လူလိမ် စင်တာတွေ၊ အလုပ်လိမ်လည် ခေါ်ယူမှုတွေနဲ့ပတ်သက်လို့ ဆွေးနွေးရေး တောင်ကိုရီးယားက ကမ္ဘောဒီးယားသို့ အောက်တိုဘာ ၁၅ ရက်မှာ အထူးအဖွဲ့ တစ်ဖွဲ့ စေလွှတ်ခဲ့ပါတယ်။

လွန်းပျံလေကြောင်းခရီးစဉ်နဲ့ တောင်ကိုရီးယား နိုင်ငံသား စုစုပေါင်း ၆၄ ယောက် အီချွန်လေဆိပ်ကို ရောက်ရှိသွားခဲ့ပြီလည်း ဖြစ်ပါတယ်။

ရာဇဝတ်မှု စွပ်စွဲချက်တွေနဲ့ နိုင်ငံသား ၆၀ လောက်ကို ကမ္ဘောဒီးယားက ထိန်းသိမ်းထားပြီး သူတို့ကို မိခင်နိုင်ငံသို့ ပြန်လည် ခေါ်ယူမှာ ဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရက ကတိပေးခဲ့ပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲမှာ အွန်လိုင်း လူလိမ်လုပ်ငန်းတွေဆီ သူတို့ သဘောနဲ့ သူတို့ ဝင်ရောက် လုပ်ကိုင်သူတွေရော သဘောဆန္ဒမပါဘဲ ဝင်ရောက် လုပ်ကိုင်နေရသူတွေရော ပါဝင်တယ်လို့ အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ ဝီဆွန်အက်က ပြောထားပါတယ်။

အွန်လိုင်း လူလိမ်ဂိုဏ်းတွေကို နှိမ်နှင်းဖို့ နှစ်နိုင်ငံကြား ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှု ရလဒ်ကြောင့် ပြန်လည် ပို့ဆောင်ရေး သဘောတူညီမှု ရရှိခဲ့တာ ဖြစ်တယ်လို့ ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တောက်ချ် ဆိုဟက်က အောက်တိုဘာ ၁၇ ရက်မှာ ပြောပါတယ်။

ကမ္ဘောဒီးယားရှိ အွန်လိုင်း လူလိမ်လုပ်ငန်းတွေမှာ ဝင်ရောက် အလုပ်လုပ်နေသူ စုစုပေါင်း ၂ သိန်းလောက်ရှိတဲ့အထဲ တောင်ကိုရီးယား နိုင်ငံသား ၁၀၀၀ လောက် ပါဝင်နေတယ်လို့ ဆိုးလ်အစိုးရက ပြောထားပါတယ်။

ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ဖိုးရှိတဲ့ အဲဒီ အွန်လိုင်း လူလိမ်လုပ်ငန်းတွေဟာ ကမ္ဘောဒီးယားမှာ မကြာသေးခင်နှစ်တွေက ပေါများလာခဲ့ပြီး လူထောင်ပေါင်းများစွာ ဝင်ရောက် အလုပ်လုပ်နေကြပါတယ်။

အလုပ်လုပ်နေသူတွေထဲမှာ ကိုယ့်သဘောနဲ့ကိုယ် ဝင်ရောက် အလုပ်လုပ်နေသူတွေ ရှိသလို အတင်းအကြပ် အလုပ်စေခိုင်းခံနေရသူတွေလည်း ရှိတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

အရှေ့တောင်အာရှရှိ အကျင့်ပျက်ခြစားမှုများတဲ့ နိုင်ငံတွေမှာ အွန်လိုင်း လူလိမ်လုပ်ငန်းတွေ များပြားလာနေပြီး ကမ္ဘာတဝန်းရှိ လူချမ်းသာတွေကို တစ်နည်းနည်းနဲ့ အယုံသွင်းပြီး ငွေကြေး လိမ်လည် ရယူနေကြတာ ဖြစ်ပါတယ်။

ဒီလို အွန်လိုင်း လူလိမ်ဂိုဏ်းတွေမှာ အလုပ်စေခိုင်းဖို့အတွက်လည်း ကွန်ပြူတာနဲ့ အင်္ဂလိပ် ဒါမှမဟုတ် တရုတ်ဘာသာစကား ကျွမ်းကျင်သူတွေကို မက်လုံး အမျိုးမျိုး ပေး လိမ်လည် ခေါ်ယူနေပြီး ကျေးကျွန်တွေလို အလုပ်စေခိုင်းနေတာ ဖြစ်ပါတယ်။

ကမ္ဘာတဝန်းရှိ လူထောင်ပေါင်းများစွာဟာ အဲဒီလို လုပ်ငန်းတွေရဲ့ သားကောင် ဘဝ ရောက်ရှိသွားပြီး အလုပ်ပြန်ထွက်ချင်သူတွေအနေနဲ့ ငွေအများအပြား ပြန်ပေးကြရသလို ခိုင်းစေတဲ့အတိုင်း မလုပ်ပေးနိုင် ငွေမရှာ ပေးနိုင်သူတွေအနေနဲ့လည်း ညှဉ်းပန်းနှိပ်စက်ခံကြရပါတယ်။

မြန်မာနိုင်ငံမှာ အွန်လိုင်း လူလိမ်ဂိုဏ်းတွေကို နှိမ်နှင်းလိုက်ပြီး နောက်ပိုင်း အဲဒီ လုပ်ငန်းတွေဟာ လှုပ်ရှားရ လွယ်ကူတဲ့ ကမ္ဘောဒီးယားနဲ့ လာအိုသို့ ပြောင်းရွှေ့သွားခဲ့ကြတယ်လို့ လေ့လာသူတွေက ပြောထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.