ဘေဂျင်း၊ အောက်တိုဘာ ၁၈
ဆယ်စုနှစ်များစွာအတွင်း စစ်တပ်ကို အကြီးမားဆုံး နှိပ်ကွပ်မှုတွေထဲက တစ်ခုအနေနဲ့ တရုတ် ကွန်မြူနစ်ပါတီက ထိပ်တန်း စစ်ဗိုလ်ချုပ် ၉ ဦးကို ထုတ်ပယ်လိုက်ပါတယ်။
အဲဒီ ပုဂ္ဂိုလ် ၉ ဦးဟာ ပြင်းထန်တဲ့ ဘဏ္ဍာရေးဆိုင်ရာ ရာဇဝတ်မှုတွေ အတွက် သံသယရှိသူတွေ ဖြစ်တယ်လို့ တရုတ် ကွန်မြူနစ်ပါတီ CMC က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သူတို့ထဲက အများစုဟာ ကြယ်သုံးပွင့် ဗိုလ်ချုပ်တွေ ဖြစ်ပြီး ပါတီရဲ့ ဆုံးဖြတ်ချက်ချမှတ်ရတဲ့ ဗဟိုကော်မတီမှာ ပါဝင်သူတွေ ဖြစ်ပါတယ်။
အဲဒီဗိုလ်ချုပ်တွေကို စစ်တပ်ကလည်း ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။
ဒီလို ထုတ်ပယ်မှုဟာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပေမယ့် ဒါဟာ နိုင်ငံရေးအရ ရှင်းလင်းမှု ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးရေးအစီအစဉ်ကို ဗဟိုကော်မတီက ဆွေးနွေးပြီး အဖွဲ့ဝင် အသစ်တွေကြား မဲခွဲမယ့် ပါတီ အထွေထွေညီလာခံမတိုင်ခင် အကြိုနေ့မှာ အခုလိုမျိုး စစ်ဗိုလ်ချုပ်တွေကို ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။

ထုတ်ပယ်ခံရတဲ့ စစ်ဖက်ဆိုင်ရာ အရာရှိတွေထဲမှာ ဗဟိုစစ်ရေး ကော်မရှင် CMC ဒုဥက္ကဋ္ဌ ဟေဝယ်တောင်၊ CMC ရဲ့ နိုင်ငံရေးဌာန ညွှန်ကြားရေးမှူး မော်ဟွာ၊ လက်ထောက်ညွှန်ကြားရေးမှူး ဟေကျောင်ကျန်၊ CMC ပူးတွဲ စစ်ဆင်ရေး ကွပ်ကဲရေးစင်တာ အမှုဆောင် လက်ထောက်ညွှန်ကြားရေးမှူး ဝမ်ရှူဘင်း၊ အရှေ့ပိုင်း တပ်မ အကြီးအကဲ၊ စစ်တပ်ရဲ့ နိုင်ငံရေးဆိုင်ရာ ကော်မရှင်နာ မင်းကြီး၊ ရေတပ် နိုင်ငံရေးကော်မရှင်နာမင်းကြီး၊ ဒုံးကျည် တပ်ဖွဲ့ တပ်မှူးနဲ့ ရဲတပ်ဖွဲ့ တပ်မှူးတို့ ဖြစ်ပါတယ်။
ထုတ်ပယ်ခံရသူ ၉ ဦးထဲမှာ ဟေဝယ်တောင်ဟာ CMC ဥက္ကဋ္ဌ သမ္မတ ရှီကျင့်ဖျင်ပြီးနောက် တရုတ်စစ်တပ်မှာ ဒုတိယမြောက် ရာထူးအမြင့်ဆုံး ဖြစ်တာကြောင့် အထင်ရှားဆုံးပုဂ္ဂိုလ်အဖြစ် မှတ်ယူခံထားရသူ ဖြစ်ပါတယ်။
ဟေဝယ်တောင်ကို မတ်လက နောက်ဆုံး မြင်တွေ့ခဲ့ရပြီး အများရှေ့က သူပျောက်နေတာ ကြာပြီဖြစ်တဲ့အတွက် ထိပ်တန်း စစ်ဗိုလ်ချုပ်တွေကို နှိပ်ကွပ်မှု တစ်စိတ်တစ်ပိုင်းအနေနဲ့ သူ့ကို စုံစမ်းစစ်ဆေးနေပြီဆိုတဲ့ အများ ပြောဆိုမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။
သူဟာ ကွန်မြူနစ်ပါတီရဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရတဲ့ နိုင်ငံရေးဗျူရိုအဖွဲ့မှာလည်း ပါဝင်သူ ဖြစ်တာကြောင့် စုံစမ်းစစ်ဆေးခံရတဲ့ ပထမဆုံး တာဝန်ထမ်းဆောင်ဆဲ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ဖြစ်ပါတယ်။
အဲဒီ ပုဂ္ဂိုလ် ၉ ဦးဟာ ပါတီစည်းကမ်းကို ပြင်းပြင်းထန်ထန် ချိုးဖောက်ပြီး ငွေပမာဏ အမြောက်အများ ရယူမှု အပါအဝင် ရာထူးတာဝန်နဲ့ ဆက်စပ်တဲ့ ပြင်းထန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ထားတယ်လို့ သံသယရှိသူတွေ ဖြစ်ကြောင်း တရုတ် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
သူတို့ ၉ ဦးကို စစ်တပ်ကလည်း အပြစ်ပေးမှာ ဖြစ်သလို အခုလို အရေးယူနိုင်တာဟာ ပါတီနဲ့ စစ်တပ်ရဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အစီအစဉ်ရဲ့ သိသာတဲ့ အောင်မြင်မှု ဖြစ်တယ်လို့ CMC ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
CMC က ဇူလိုင်လအတွင်းက စစ်တပ် အရာရှိတွေလိုက်နာရမယ့် လမ်းညွှန်ချက် အသစ်တွေ ထုတ်ပြန်ပြီး စစ်တပ်ထဲမှာ အဆိပ်အတောက် ဖြစ်စေတဲ့ သြဇာလွှမ်းမိုးမှု ကင်းစင်အောင် လုပ်မယ်လို့ ကြေညာခဲ့တာပါ။
တရုတ်က ကာကွယ်ရေးဝန်ကြီးတွေ ဖြစ်ကြတဲ့ ဝေဖန်းဂီနဲ့ လီရှန်းဖူတို့ကိုလည်း အရေးယူထားပြီး ဖြစ်ပါတယ်။
ဒုံးကျည် တပ်ဖွဲ့ရဲ့ ထိပ်တန်း စစ်ဗိုလ်ချုပ်တွေကိုလည်း တရုတ်အစိုးရက ထုတ်ပယ်ပြီး အရေးယူထားပါတယ်။
အခုလို သစ္စာမစောင့်သိတဲ့ ဒါမှမဟုတ် အကျင့်ပျက်ခြစားတဲ့ အရာရှိတွေကို ရှင်းထုတ် ပစ်တာဟာ တရုတ်ကို ကွန်မြူနစ်ပါတီက ထာဝရ အုပ်ချုပ်ရေး လမ်းကြောင်း ရှင်းလင်းတဲ့ သဘော ဖြစ်တယ်လို့ တရုတ် နိုင်ငံရေး လေ့လာသူ တချို့က ပြောဆိုထားတာ ဖြစ်ပါတယ်။
Ref:BBC

