မြန်မာနိုင်ငံ အပြောင်းအလဲ ဖြစ်လာစေရေး အာဆီယံ တွန်းအားပေးဖို့ အီးယူ တိုက်တွန်း

ကွာလာလမ်ပူ၊ အောက်တိုဘာ ၁၈

မြန်မာနိုင်ငံမှာ စစ်တပ် ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်မှုမရှိနိုင်သလို မျှတမှုလည်း မရှိတာကြောင့် အီးယူက ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေ စေလွှတ်သွားမှာ မဟုတ်ဘူးလို့ အီးယူ ထိပ်တန်း လူ့အခွင့်အရေး အရာရှိက အောက်တိုဘာ ၁၇ ရက်မှာ ပြောကြားလိုက်ပြီး အပြောင်းအလဲ ဖြစ်လာစေရေး တွန်းအားပေးဖို့ အာဆီယံကို တိုက်တွန်းလိုက်ပါတယ်။

အာဆီယံနိုင်ငံတွေ အပါအဝင် အိမ်နီးချင်းနိုင်ငံအားလုံး မြန်မာနိုင်ငံမှာ လမ်းကြောင်းပြောင်းလဲလာစေရေး အမှန်တကယ် တွန်းအားပေးကြဖို့ မိမိတို့ တိုက်တွန်းကြောင်း အီးယူ ကော်မရှင်နာမင်းကြီးက မလေးရှား မြို့တော် ကွာလာလမ်ပူမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအတွင်း အရာရှိ ကိုင်ဂျာ့စ် အိုလောင်ဂန်က ပြောဆိုလိုက်တာပါ။

ဒီဇင်ဘာ ၂၈ ရက် စတင်ကျင်းပမယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲဟာ ပြည်တွင်းစစ်အတွင်း ပြန်လည်ရင်ကြားစေ့ရေး လမ်းကြောင်း တစ်ခု ဖြစ်တယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောထားပါတယ်။

ဒါပေမဲ့ ကုလသမဂ္ဂ ကျွမ်းကျင်သူ တစ်ဦးနဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့အပါအဝင် နိုင်ငံတကာ စောင့်ကြည့်သူတွေက ရွေးကောက်ပွဲဟာ စစ်တပ်က ဆက်လက် အုပ်ချုပ်ရေး တရားဝင် ဖြစ်စေဖို့ ကြံစဉ်မှု တစ်ခု ဖြစ်တယ်ဆိုပြီး ပယ်ချထားကြပါတယ်။

မြန်မာနိုင်ငံ မတည်ငြိမ် ဖြစ်နေသရွေ့၊ ဒေသ တစ်ခုလုံးအတွက် မတည်မငြိမ် ဖြစ်စေတဲ့ အဓိက အရင်းအမြစ် ဖြစ်နေသေးသ၍ မြန်မာဟာ အာဆီယံ နိုင်ငံတွေအတွက် နံပါတ် ၁ စိုးရိမ်စရာ ဖြစ်နေလိမ့်မယ်လို့ အရာရှိ မစ္စစ် ကိုင်ဂျာ့စ် အိုလောင်ဂန်က ပြောပါတယ်။

လာမယ့် သီတင်းပတ် ကွာလာလမ်ပူမှာ ကျင်းပမယ့် အာဆီယံ ညီလာခံမတိုင်ခင် သူ့ရဲ့ အဲဒီလို ပြောဆိုမှု ထွက်ပေါ်လာတာ ဖြစ်ပြီး စစ်ခေါင်းဆောင်တွေ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် လေ့လာ စောင့်ကြည့်သူတွေ စေလွှတ်၊ မလွှတ် ကိစ္စကို အာဆီယံက ဆုံးဖြတ်ဖို့ ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ ချက်ချင်း အပစ်အခတ် ရပ်စဲရေးအပါအဝင် အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်တပ်က အကောင်အထည် မဖော်နိုင်သေးပါဘူး။

အာဆီယံရဲ့ တောင်းဆိုမှုတွေ အရာမထင် ဖြစ်နေပြီး စစ်တပ်က အကြမ်းဖက် တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။

အခုနှစ် အာဆီယံဥက္ကဋ္ဌ မလေးရှား နိုင်ငံခြားရေးဝန်ကြီးရဲ့ နေပြည်တော် ခရီးစဉ်အတွင်း အားလုံး ပါဝင်တဲ့ ရွေးကောက်ပွဲ ဖြစ်စေဖို့ လွတ်လပ် မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေဖို့ တိုက်တွန်းခဲ့ပေမယ့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးဆိုတာကို စစ်ခေါင်းဆောင် ကိုယ်တိုင် ဝန်ခံထားပြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံး တိုက်ခိုက်မှု ရပ်တန့်ပြီး စစ်မှန်တဲ့ အားလုံးပါဝင်တဲ့ စစ်မှန်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ကြဖို့ အီးယူ လူ့အခွင့်အရေး ထိပ်တန်း အရာရှိက တိုက်တွန်းထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.