မော်လမြိုင် ၊ အောက်တိုဘာ ၂၁

မွန်ပြည်နယ် လွှတ်တော်မှာ လောင်းကစားဝိုင်းတွေ တားဆီးပိတ်ပင်ရေးအဆို အတည်ပြုထားပေမယ့် အခုပွင့်လင်းရာသီမှာ ပွဲလမ်းသဘင်တွေနဲ့အတူ လောင်းကစားဝိုင်းတွေ ပြန်စဖို့ ပြင်ဆင်နေတယ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ လောင်းကစားဝိုင်းတွေ ပိတ်သိမ်း‌ရေး အဆိုကိုတော့ ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့က ကျင်းပတဲ့ မွန်ပြည်နယ် လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုထားပါတယ်။

အခုလို လောင်းကစားဝိုင်းတွေ ပိတ်သိမ်းရေး အဆိုအောင်ပြီးနောက် မိုးတွင်းကာလ ဖြစ်တာကြောင့် ပွဲလမ်းသဘင်တွေနဲ့ အတူ လောင်းကစားဝိုင်းတွေ နားထားပေမယ့် လက်ရှိ သီတင်းကျွတ် ပွဲတော်နဲ့ အတူ လောင်းကစားဝိုင်းတွေ ပြန်စဖို့ ပြင်ဆင်နေတာပါ။

မွန်ဒေသခံ တစ်ဦးကတော့ လွှတ်တော်မှာ အဆိုအောင်မြင်ထားပေမယ့် အောက်ခြေမှာ မလုပ်နေတာကြောင့် ဒီသက်တမ်းမှာ လောင်းကစားဝိုင်းတွေ ပပျောက်ဖို့ မျှော်လင့်လို့ မရဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဓိကက အောက်ခြေမှာလုံခြုံရေး တရားဥပဒေ စိုးမိုးရေး ရှိမှ ဒီဟာကို ထိန်းသိမ်းလို့ နိုင်မှာ၊ အပေါ်ကနေ အဆိုအောင်မြင်ပြီးတော့ အောက်ခြေမှာ အကောင်အထည်ဖော် ပြီးတော့ လုပ်နေတဲ့ သူတွေလည်း တရားဥပဒေ စိုးမိုးမှု မရှိဘူး။အဲဒီတော့ ဒီသက်တမ်းမှာတော့ ကျွန်တော်တို့ သိပ်မျှော်လင့်လို့ မရဘူးလို့ ထင်တယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိ လောင်းကစားဝိုင်းတွေကြောင့် တချို့ မိသားစုတွေ စီးပွားပျက်တာ၊ ဒေသတွင်း ခိုးဆိုးလုနှိုက်မှုတွေ အဖြစ်များလာတာ အပြင် ဆိုင်ကယ် ခိုးမှုတွေ သိသိသာသာ များပြား လာတာကို သိသိကြီးနဲ့ လောင်းကစားဝိုင်းတွေ ပြန်ပေးဖို့ လုပ်ဆောင်တာဟာ ပြည်သူတွေကို အကျပ်ဆိုက်အောင် လုပ်ဆောင်တာ ဖြစ်တယ်လို့ သူက ဝေဖန်ပါတယ်။

စစ်တပ် အသွင်ပြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ရဲ့ လူမှုရေးဝန်ကြီး ဦးတင်ဇော်ထွန်းက ဒေသတွင်းမှာ လောင်းကစားဝိုင်းတွေ မရှိစေရေးနဲ့ ဖမ်းဆီးအရေးယူမှု အရှိန်မြှင့်ဆောင်ရွက်သွားဖို့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ထားပြီလို့ လွှတ်တော်မှာ ပြောဆိုထားပါတယ်။

ဒါ့အပြင် လောင်းကစားတွေကို တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်သွားဖို့၊ လောင်းကစားတွေ လျော့နည်းသွားပြီး အမြစ်ပြတ်စေရေးနဲ့ ပြန်လည် မရှိစေရေး နည်းလမ်းတွေ ဖော်ထုတ်ပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့ လွှတ်တော်မှာ ကတိပြုသွားပါတယ်။

မွန်ပြည်နယ်မှာတော့ လောင်းကစားဝိုင်းတွေဟာ ပြီးခဲ့တဲ့ အစိုးရ အဆက်ဆက်က တရားဝင်သဖွယ် လုပ်ဆောင်ခွင့် မပြုခဲ့ပေမယ့် စစ်တပ် အာဏာသိမ်းပြီးနောက် စစ်အစိုးရခန့် ဝန်ကြီးချုပ် အဆက်ဆက် လက်ထက်မှာတော့ တရားဝင် သဖွယ် ရက်ရှည်လများ အကြီးအကျယ် ခွင့်ပြုထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.