နေပြည်တော် ၊ အောက်တိုဘာ ၂၁
လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဖို့ စစ်အစိုးရနဲ့ ထိုင်းအစိုးရတို့ ဆွေးနွေးမှုတွေဟာ ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့တွေအပေါ် သက်ရောက်လာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
အောက်တိုဘာ ၁၉ ရက်နေ့က ထိုင်းအစိုးရရဲ့ စွမ်းအင်ဝန်ကြီး Akanat Promphan ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နေပြည်တော်က ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်နဲ့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်တို့ကို လာရောက်တွေ့ဆုံခဲ့တာပါ။
ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံမှုမှာတော့ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုမြှင့်တင်သွားနိုင်မယ့် ကိစ္စတွေနဲ့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို နှစ်နိုင်ငံအကြား ပူးပေါင်းသွားမယ့် အခြေအနေတွေကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
နှစ်နိုင်ငံအကြား လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍဆိုင်ရာတွေမှာ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ နားလည်မှုစာချွန်လွှာ MoU ရေးထိုးသွားမယ့်ကိစ္စရပ်တွေကိုတော့ ဦးကိုကိုလွင်နဲ့ ထိုင်းစွမ်းအင်ဝန်ကြီးတို့ တွေ့ဆုံမှုအတွင်း ဆွေးနွေးခဲ့ကြတာပါ။
ထိုင်းနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ သဘာဝဓာတ်ငွေ့စီမံကိန်းတွေမှာ အထွက်နှုန်းတိုးမြှင့်နိုင်ရေး၊ စီမံကိန်းအသစ်တွေမှာ ထပ်မံပြီး ရင်းနှီးမြှုပ်နှံသွားလိုတဲ့ ကိစ္စတွေလည်း ပါဝင်ပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံကို သွယ်တန်းထားတဲ့ ပိုက်လိုင်းတွေ စွမ်းဆောင်ရည် အပြည့်အဝအသုံးချနိုင်ရေးအတွက် ပူးပေါင်းသွားမယ့်ကိစ္စနဲ့ မြန်မာ-ထိုင်း-ရုရှား သုံးနိုင်ငံပူးပေါင်းပြီး ထားဝယ်ဒေသကို အခြေပြုလို့ စွမ်းအင်ကုန်သွယ်မှုလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ ဖြစ်ပါတယ်။
သံလွင်မြစ်ဝှမ်းနဲ့ တနင်္သာရီမြစ်ဝှမ်းတွေမှာရှိတဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေနဲ့ နိုင်ငံဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်းတွေ၊ လျှပ်စစ်ဓာတ်အား ပ့ိုလွှတ်ရေးနဲ့ ဖြန့်ဖြူးရေးတွေမှာ ထိုင်းကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံလိုတဲ့ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ စစ်အစိုးရက သတင်းထုတ်ပြန်ထားတာပါ။
ဒီလိုစီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ နယ်မြေတည်ငြိမ်ရေးအတွက် ဒေသတွင်းရှိ တော်လှန်ရေးအဖွဲ့တွေကို နယ်မြေရှင်းလင်းရေး လုပ်လာနိုင်တယ်လို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဒါတွေရဲ့ နောက်ဆက်တွဲ ဒီဟာတွေရဲ့ အကျိုးသက်ရောက်မှုကတော့ တော်လှန်ရေးအဖွဲ့တွေအပေါ် ဖိအားတွေ ထပ်ပြီးတော့ ကြုံရမယ်။ အဲဒီလိုပဲ ထိုင်းနိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် စွမ်းအင်မှီခိုမှုက ပိုမိုကြီးမားလာတဲ့အပေါ် မှာ မင်းအောင်လှိုင်ကတော့ အမြတ်ထုတ်ပြီးတော့ ကျွန်တော်ထင်ပါတယ် သူ့ရဲ့ တရားဝင်မှုနဲ့ တော်လှန်ရေးအဖွဲ့တွေကို နှိပ်ကွပ်ဖို့ ပိုပြီးတော့ ကြိုးစားအားထုတ်လာပါလိမ့်မယ်။ ဒါပေမယ့် ဒီစီမံကိန်းတွေ အသစ်တွေကတော့ ဆောက်ဖြစ်မှ ကျောင်းဒကာလိုပဲ ပြောပါရစေ ခင်ဗျ”လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ ရက်သတ္တပတ်အတွင်း ဦးမင်းအောင်လှိုင်က တနင်္သာရီတိုင်း ထားဝယ်ဒေသကို ရောက်ရှိခဲ့ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာတွေမှာ လိုအပ်တာတွေ ဖြည့်ဆည်းပေးနိုင်ဖို့ လာရောက်ခဲ့တာလို့ ထုတ်ပြောထားတာပါ။
တစ်ဘက်မှာ မြန်မာ့ကမ်းလွန်ပင်လယ်ပြင်ရှိ ရေနက်ပိုင်းဒေသထဲက ဧရာဝတီကမ်းလွန်နဲ့ တနင်္သာရီကမ်းလွန်တို့မှာ ကြီးမားတဲ့ သဘာဝဓာတ်ငွေ့ ခိုအောင်းမှုတွေ ရှိနေပြီး စီးပွားဖြစ် တူးဖော်သွားမယ်လို့ စစ်အစိုးရက ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်နဲ့ ဆွစ်ဇာလန် အပါအဝင် ၂၇ နိုင်ငံ ပါဝင်တဲ့ ဥရောပသမဂ္ဂရဲ့ ဥရောပဘုံဈေးကွက်အဖွဲ့က အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားတာပါ။
ဒီအတွက်ကြောင့် အနောက်နိုင်ငံတွေရဲ့ အကူအညီမပါဘဲ ရေနက်ပိုင်းထဲက အသစ်တွေ့ရှိထားတဲ့ သဘာဝဓာတ်ငွေ့သိုက်တွေကို တူးဖော်ဖို့ နည်းပညာတွေ အများကြီးလိုသေးတယ်လို့ ဦးတိုးဇော်လတ်က ထောက်ပြပါတယ်။
မြန်မာနိုင်ငံရဲ့ သဘာဝဓာတ်ငွေ့အများစုကို ထိုင်းနဲ့ တရုတ်ကို ပိုက်လိုင်းတွေကနေ သွယ်တန်းတင်ပို့တာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ သဘာဝဓာတ်ငွေ့လိုအပ်ချက်ဟာ မြန်မာနိုင်ငံမှာ ၁၅ ရာခိုင်နှုန်းအထိ ရှိနေတာပါ။ ထိုင်းနိုင်ငံရဲ့ PTTEP ကုမ္ပဏီဟာ မြန်မာနိုင်ငံရှိ ရတနာ၊ ရဲတံခွန်နဲ့ ဇောတိက စတဲ့ သဘာဝဓာတ်ငွေ့စီမံကိန်းတွေမှာ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
လက်ရှိ ထိုင်းနဲ့ စစ်အစိုးရတို့ကြား ဆွေးနွေးခဲ့ကြတဲ့ လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍဆိုင်ရာတွေနဲ့ပတ်သက်ပြီး ဘယ်လို သဘောတူညီမှုတွေ ရရှိလို့ ဘယ်လို အကောင်အထည်ဖော်မလဲဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ မဖော်ပြထားပါဘူး။
စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးခဲ့မှုအတွင်း ထိုင်းစွမ်းအင်ဝန်ကြီး အပါအဝင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး၊ ထိုင်းနိုင်ငံရှိ PTT၊ PTTEP ကုမ္ပဏီနဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအာဏာပိုင်အဖွဲ့ EGAT က တာဝန်ရှိသူတွေလည်း ပါဝင်တယ်လို့ စစ်အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

