ရေး ၊ အောက်တိုဘာ ၁၈

စစ်မှုထမ်းဥပဒေဟာ မွန်လူငယ်တွေရဲ့ ဘဝလုံခြုံရေးကို ခြိမ်းခြောက်နေတာမို့ မွန်လူငယ်ညီလာခံမှာ အထူးသတိပြု ဆွေးနွေးဆင်ခြင်ကြဖို့ လိုအပ်တယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ် NRFF က အောက်တိုဘာ ၁၇ ရက်နေ့မှာ သတိပေး တိုက်တွန်းလာပါတယ်။

မွန်ပြည်နယ် ရေးမြို့နယ် ကျိုက်ဒေးတမော့ဗရတ် သာသနာပြုနယ်မြေမှာ အောက်တိုဘာ ၁၇ ရက်နဲ့ ၁၈ ရက်တို့မှာ ကျင်းပပြုလုပ်တဲ့ စတုတ္ထကြိမ်မြောက် မွန်လူငယ်ညီလာခံနဲ့ပတ်သက်ပြီး NRFF ရဲ့ အိတ်ဖွင့်ပေးစာမှာ ထည့်သွင်းဖော်ပြထားတာပါ။

မွန်လူငယ်ညီလာခံမှာ မွန်အမျိုးသားအင်အားစုတွေ၊ အရပ်ဘက်အင်အားစုတွေနဲ့ လူငယ်အင်အားစုတွေကနေ ကိုယ်စားလှယ်တွေ၊ ရပ်ကွက်၊ ကျေးရွာ၊ ခရိုင်၊ မြို့နယ်၊ နိုင်ငံလုံးနဲ့ နိုင်ငံရပ်ခြားက မျိုးချစ်မွန်လူငယ်တွေ လာရောက်ဆုံဆည်းမယ့် ဝန်းကျင်တခုလို့ NRFF က ဆိုပါတယ်။

ကာလ၊ဒေသ၊ ပယောဂ တို့ကို ဆင်ခြင်ပြီး ညီလာခံကို စစ်အုပ်စုအာဏာစက်အောက် ကျင်းပရတဲ့ အခြေအနေမှာရှိနေတာမို့ ညီလာခံရဲ့ လွတ်လပ်စွာ ဆွေးနွေးဖလှယ်နိုင်မှုနဲ့ တက်ရောက်သူတွေရဲ့ လုံခြုံဘေးကင်းမှု အခြေအနေဟာ စိုးရိမ်ဖွယ်ဖြစ်တယ်လို့ သတိပေးထားတာပါ။

ဒ့ါအပြင် စစ်အုပ်စုကို ဆန့်ကျန်တွန်းလှန်နေတဲ့ တော်လှန်ရေးအင်အားစုတွေက မွန်လူငယ်တွေ မပါဝင်နိုင်တဲ့ မွန်လူငယ်ညီလာခံဟာ မွန်လူငယ်ထုတရပ်လုံးကို ကိုယ်စားပြု လွှမ်းခြုံနိုင်ဖို့ မလုံလောက်တာကို ဂရုပြုစေလိုတယ်လို့ ထောက်ပြပါတယ်။

လူငယ်တွေရဲ့ အရေးအရာလို့ ဆိုရာမှာ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးတို့အပြင် လူမှုဘဝလုံခြုံရေးနဲ့ ဂုဏ်သိက္ခာရှိစွာ အသက်ရှင်ရပ်တည်နိုင်ရေးတို့ဟာ အလွန်တရာ အရေးကြီးလှတယ်လို့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားတာပါ။

စစ်အုပ်စုရဲ့ အဓမ္မစစ်မှုထမ်းဥပဒေဟာ မွန်ဒေသနဲ့ ပြည်ထောင်စုတခုလုံးက မွန်လူငယ်တွေရဲ့ အသက်ဘဝ လုံခြုံရေးကို ခြိမ်းခြောက်နေပြီး မွန်မိခင် ဖခင်တွေကို ကိုယ်စိတ်နှလုံး ဖိစီးနှိပ်စက်နေတာရှိတယ်လို့ NRFF က ဆိုပါတယ်။

ဒါ့အပြင် မွန်လူငယ်တွေကို မိမိတို့ရဲ့ အသိုက်အမြုံကနေ ဝေးရာကို ဖိအားပေး နှင်ထုတ်နေပြီး မိသားစုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ထိပါးနှောင့်ယှက်နေတာကို ညီလာခံအနေနဲ့ အထူးသတိပြု ဆွေးနွေးဆင်ခြင်ကြဖို့ လိုအပ်တယ်လို့ သတိပေးထားတာပါ။

ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ပြောရေးဆိုခွင့်ရှိသူ နိုင်ပီတာက စစ်မှုထမ်းနဲ့ပတ်သက်ပြီး လာဘ်ငွေပေး လူစားထိုးတာတွေနဲ့ပဲ ရေတိုဖြေရှင်းနေရတဲ့အခြေအနေမှာ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း လွတ်လပ်စွာ ရပ်တည်ပြောဆိုပေးနိုင်တဲ့ အနေအထား မရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါကြောင့် နိုင်ငံရေးဆိုင်ရာ ချဉ်းကပ်ပုံတွေ မတူညီပေမယ့် ဖိနှိပ်မှုတွေကို ရပ်တန့်နိုင်ဖို့ အာဏာရှင်စနစ်ကို အပြီးသတ်ခြေဖျက်နိုင်မှရမယ့် အနေအထားမှာ လူငယ်ထုတွေ စုစုစည်းစည်းနဲ့ ပူးပေါင်းကြဖို့ လိုတယ်လို့ သူက ထောက်ပြပါတယ်။

“တော်လှန်ရေး နိုင်ငံရေးနဲ့ ပတ်သက်လို့ သဘောထားဝိဝါဒတွေ ကွဲပြားတဲ့ဟာမျိုးတွေ ရပ်တည်ချက် ချဉ်းကပ်ပုံ မတူညီတဲ့ အနေအထားမျိုး ရှိခဲ့ကြသည့်တိုင်အောင် ကျွန်တော်တို့ ဘုံတူညီတဲ့တစ်ခုက အာဏာရှင်စနစ်ကို မကြိုက်ဘူးဆိုတဲ့ဟာ တူယ်။ ဆိုတော့ ဒီလိုမျိုး ဖိနှိပ်မှုတွေကို ရပ်တန့်နိုင်ဖို့ဆိုတာကလည်း အာဏာရှင်စနစ်ကို အပြီးသတ်ခြေဖျက်နိုင်မှ ရနိုင်မယ့် အခြေအနေမျိုးဖြစ်တာပေါ့။ ဒီအခြေအနေမျိုးမှာ လူငယ်ထုကိုယ်တိုင် စည်းရုံးပြီး စုစုစည်းစည်းနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့လိုတယ်ဆိုတဲ့အခြေအနေမျိုးကို ဒီမှာ ထောက်ပြပြောဆိုချင်တာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

စစ်မှုထမ်းစုဆောင်းမှုတွေဟာ စစ်တပ် ထိန်းချုပ်ထားတဲ့ နယ်မြေဒေသတွင်းရှိ လူငယ်တွေက ထိခိုက်မှု ကြီးမားပြီး ပြည်ပရောက် လူငယ်တွေကလည်း တိုက်ရိုက်ဖြစ်စေ သွယ်ဝိုယ်ဖြစ်စေ ထိခိုက်နေတဲ့ အခြေအနေမျိုးလို့ နိုင်ပီတာက ဆက်ပြောပါတယ်။

လက်ရှိမှာ စစ်မှုထမ်းအပတ်စဉ် ၂၉ အထိ ဖွင့်လှစ်ထားတဲ့အတွက် စစ်မှုထမ်းတပ်သားအဖြစ် လူအင်အား တစ်သိန်းကျော်အထိ ရရှိထားပြီး သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာတော့ လူငယ် ၆၀၀၀ ကျော်အထိ စုဆောင်းခံထားရတာပါ။

စစ်မှုထမ်းစုဆောင်းခံရတဲ့ လူငယ်အများစုဟာ အလုပ်သွားအလုပ်ပြန် ဖမ်းဆီးခံရသူတွေ၊ ညအချိန် အပြင်ထွက်သွားလာသူတွေ၊ ဒေသန္တရအမိန့် ဖောက်ဖျက်တယ် အကြောင်းပြချက်နဲ့ ဖမ်းဆီးခံရသူတွေအပြင် နေအိမ်အထိ ဝင်ရောက်ဖမ်းဆီးခံရသူတွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။

NRFF ကတော့ မွန်ပြည်သူတစ်ရပ်လုံးရဲ့ လွတ်လပ်ခွင့် တရားမျှတမှု တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို နှစ်ပေါင်းများစွာကြာအောင် သေးသိမ်စေခဲ့ပြီး အတိဒုက္ခဖန်တီးနေတဲ့ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်အုပ်စု အပေါ် အရေးယူနိုင်စေရေး မွန်လူငယ်တွေအနေနဲ့ ဆွေးနွေးကြဖို့ တိုက်တွန်းထားတာပါ။

မွန်အမျိုးသားလွတ်မြောက်ရေးအတွက် အတားအဆီးဖြစ်ရုံမက မွန်လူငယ်တွေရဲ့ အင်အားကို ဖိနှိပ်ချုပ်ခြယ်ပြီး တစစီ ချိုးဖဲ့ဝါးမျိုနေတဲ့ မွန်လူငယ်တို့ရဲ့ ကြီးမြတ်တဲ့ ဉာဏ်ပညာကို ခေတ်အဆက်ဆက် ရိုက်ချိုးအမှောင်ချခဲ့တဲ့ အာဏာရှင်စနစ်ဟူသမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြပြီး မွန်လူငယ်ထု တရပ်လုံးရဲ့ စုစည်းအားနဲ့ ပူးပေါင်းတော်လှန်သွားကြဖို့ကိုလည်း တိုက်တွန်းထားတာ ဖြစ်ပါတယ်။

မွန်လူငယ်ညီလာခံ ကျင်းပတဲ့ ရည်ရွယ်ချက်ကလည်း လက်ရှိပကတိအခြေအနေအရ မွန်လူငယ်တွေရဲ့ အခြေအနေတွေကို သုံးသပ်တာနဲ့ လူငယ်အချင်းချင်းအကြား အမြင်ဖလှယ်တာ၊ မွန်လူငယ်ဆုံရပ်ရဲ့ ၂ နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ်နဲ့ လှုပ်ရှားမှုတွေကို တင်ပြတာတွေ ပါဝင်ပါတယ်။

ဒါ့အပြင် မွန်လူငယ်မူဝါဒနဲ့ မွန်လူငယ်မဟာဗျူဟာကို ပြန်လည်သုံးသပ်တာ၊ ရှေ့ဆက်လုပ်ငန်းစဉ် ချမှတ်တာနဲ့ အနာဂတ်မှာ တာဝန်ယူလုပ်ဆောင်မယ့် အဆင့်ဆင့်သော ကော်မတီဝင်အသစ်တွေ ရွေးကောက်တင်မြောက်တာ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပတာဖြစ်လို့ NRFF အနေနဲ့ ဝမ်းသာကြိုဆိုကြောင်း အိတ်ဖွင့်ပေးစာမှာ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-NRFF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.