မော်လမြိုင် ၊ အောက်တိုဘာ ၁၈

မြန်မာနိုင်ငံမှာ စစ်တပ် အသွင်ပြောင်း အစိုးရ အုပ်ချုပ်နေတဲ့ ခြောက်လအတွင်း အခြေခံ စားသောက်ကုန်တွေအပါအဝင် ကုန်ပစ္စည်းဈေးနှုန်းတွေ မိုးထိုးအောင် မြင့်တက်လာတယ်လို့ ပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကုန်ဈေးနှုန်းတွေဟာ စစ်တပ် အသွင်ပြောင်း အစိုးရ တက်လာတဲ့ ဧပြီလကစလို့ ခြောက်လအတွင်း သွင်းကုန် ကန့်သတ်ချက်တွေ၊ စက်သုံးဆီနဲ့ သယ်ယူပို့ဆောင်ရေးစရိတ် ဆက်တိုက်မြင့်တက်လာကြောင့် မိုးထိုးတော့မယ့် အခြေအနေ ရောက်လာတာပါ။

စစ်အစိုးရ အုပ်ချုပ်နေတဲ့ ခြောက်လအတွင်း ရွှေဘို ပေါ်ဆန်းမွှေး တစ်အိတ်ကို ကျပ် နှစ်သိန်းကနေ ကျပ်နှစ်သိန်းသုံးသောင်း၊ စားအုန်းဆီ တစ်ပိဿာ ကျပ် ၁၁,၀၀၀ ကနေ ကျပ် ၂၅,၀၀၀ အထိ ဈေးနှုန်းမြင့်တက်လာခဲ့ပါတယ်။

ဒါ့အပြင် ပြည်သူတွေ မရှိမဖြစ် အသုံးပြုနေရတဲ့ ကြက်ဥဈေးနှုန်းကလည်း တစ်လုံးကို ကျပ် ၅၀၀ ကနေ ကျပ် ၇၀၀ ၊ ကြက်သွန်နီ တစ်ပိဿာ ကျပ် ၆၀၀၀ ကနေ ကျပ် ၁၂၀၀၀ အထိ မြင့်တက်လာပြီး ကုန်ပစ္စည်း တမယ်လျှင် အနည်းဆုံး ၃၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းအထိ ထပ်မံမြင့်တက်လာခဲ့တာပါ။

အိမ်ရှင်မ တစ်ဦးကတော့ စစ်အစိုးရ အုပ်ချုပ်နေတဲ့ ခြောက်လအတွင်း ကုန်ဈေးနှုန်း ထက်ဝက်လောက် ထပ်မံမြင့်တက်လာပြီး လက်လုပ်လက်စားသမားတွေအနေနဲ့ ထမင်းစားဖို့တောင် အခြေအနေ မကောင်းကြတော့ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကုန်ဈေးနှုန်းကတော့ ထက်ဝက်လောက် တက်တာပေါ့။ လက်လုပ်လက်စားတွေက အလုပ်လုပ်လို့ တစ်နေ့ကို တစ်သောင်း တစ်သောင်းခွဲလောက် ရဖို့က အသည်းအသန်၊ တစ်သောင်း တစ်သောင်းခွဲနဲ့ မိသားစု စားဝတ်နေရေး အဆင်မပြေဘူးလေ။ရတဲ့ လုပ်အားခနဲ့ ကုန်ဈေးနဲ့က၊ တချို့ ပြည်သူလူထုတွေ ဒုက္ခရောက်တဲ့သူတွေဆို အများကြီး ဒုက္ခတွေ ရောက်တာပေါ့၊ ထမင်းစားဖို့တောင် အခြေအနေ မကောင်းကြဘူးလေ”လို့ ဆိုပါတယ်။

ကုန်ဈေးနှုန်းတွေ အဆမတန် ကြီးမြင့်လာတာကြောင့် တချို့ပြည်သူတွေဟာ ဆန်ချောကနေ ဆန်ကြမ်း၊ တခြား ကုန်ပစ္စည်းတွေကိုလည်း တစ်ဆင့်လျော့ကာ စားနေကြရပေမယ့် ကုန်ဈေးနှုန်း ကြီးမြင့်မှုကို လိုက်မမှီတော့ဘူးလို့ သူက ဆက်ပြောပါတယ်။

အိမ်ရှင်မ နောက်တစ်ဦးကလည်း လက်ရှိ ဈေးတွေထဲမှာဆိုရင် အစစအရာရာ ကုန်ဈေးနှုန်းတွေ မြင့်တက်နေပြီး တစ်မိသားစုလုံး အလုပ်လုပ်တောင် ကုန်ဈေးနှုန်းကို လိုက်မမီတော့သလို စစ်အစိုးရလက်ထက်မှာ ဘာမှတိုးတက်မှု မရှိဘဲ တိုင်းပြည်ပါ ဆုတ်ယုတ်လာတယ်လို့ ဝေဖန်ပါတယ်။

“ဈေးထဲမှာကျတော့လည်း အစစအရာရာ ကုန်ဈေးနှုန်းတွေက မြင့်တက်နေတာပေါ့နော်၊ လိုက်မမီနိုင်ဘူး ဖြစ်နေတယ်။ ဘာလို့လည်းဆိုတော့ အဖက်ဖက်က ရှာရတာ စီးပွားရေးကလည်း အဆင်မပြေ၊ ခေတ်ကာလက မကောင်း၊ လူတွေမှာ မသေယုံ တမယ် မျော့မျော့ဆိုတဲ့အတိုင်း လူတွေဟာ စိတ်ဓာတ်တွေလည်း ကျနေပြီ။ သူလုပ်လို့လည်း ဘာမှ တိုးတက်တာ မရှိပါဘူး။ လူတွေ ဆုတ်ယုတ် တိုင်းပြည် ဆုတ်ယုတ်တာပဲ ရှိပါတယ်” လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရလက်ထက်မှာတော့ အခြေခံ ပြည်သူတွေဟာဆိုရင် ကုန်ဈေးနှုန်း ကြီးမြင့်တဲ့အတွက် ဝင်ငွေ၊ထွက်ငွေ မမျှတတဲ့ ပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာရတာဟာ စစ်အစိုးရရဲ့ မူဝါဒ လွဲမှားတဲ့ သွင်းကုန် ကန့်သတ်ချက်တွေ၊ ကုန်ပစ္စည်းတွေကို တရားမဝင် ကုန်သွယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးတာတွေအပြင် လုံခြုံရေး အကြောင်းပြချက်နဲ့ ဖွင့်လှစ်ထားတဲ့ ဂိတ်တွေမှာ ငွေကြေး အဆမတန် တောင်းခံမှုတွေကြောင့် ဖြစ်တယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေက ထောက်ပြထားပါတယ်။

တဖက်မှာ စစ်တပ် အသွင်ပြောင်း အစိုးရရဲ့ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်ကတော့ မိမိတို့ အစိုးရ လက်ထက်မှာ ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို ရင်ဆိုင်နေရတယ်လို့ ဝန်ခံထားသလို ဒေသတွင်းမှာ စိုက်ပျိုးမွေးမြူရေးတွေ ပိုလုပ်ဖို့ ညွှန်ကြားထားတာပါ။

ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် UNDP ကတော့ မြန်မာ့ လူဦးရေသန်း ၅၀ ကျော်မှာ ၃၇ သန်းကျော်ဟာ ဆင်းရဲနွမ်းပါးနေသူတွေ ဒါမှမဟုတ် ဆင်းရဲ နွမ်းပါးမှုထဲ ကျရောက် နိုင်ခြေ ရှိနေပြီး ဆင်းရဲ နွမ်းပါးမှု အန္တရာယ်နဲ့ ရင်ဆိုင် နေရသူတွေ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့မှာ သတိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.