ကျိက်ထို၊ အောက်တိုဘာ ၁၈
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မရမ်းချောင်ကျေးရွာ ဥသျှစ်ခြံလမ်းခွဲရှိ ဆောက်လုပ်ဆဲ ရဲလုံခြုံရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တစ်ခုက မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဆောက်လုပ်ဆဲ ရဲလုံခြုံရေးဂိတ်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့ ည ၇ နာရီအချိန်လောက်မှာ တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ဝင်ရောက်မီးရှို့ဖျက်ဆီးသွားတာ ဖြစ်ပါတယ်။
မီးရှို့ခံရတာကြောင့် ဆောက်လုပ်ဆဲ ၁၂ ပေပတ်လည် တောင်ထန်းမိုး၊ တောင်ထန်းကာ အဆောက်အဦး ၅ လုံး မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ဆောက်လုပ်ဆဲ ရဲလုံခြုံရေးဂိတ် မီးရှို့ဖျက်ဆီးမှုအတွင်း ရန်ကုန် – မော်လမြိုင်ကားလမ်း နာရီဝက်အကြာ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ပြီး အဲဒီနောက်မှသာ ခရီးသွားကားတွေ ပုံမှန်အတိုင်း ပြန်လည်သွားလာကြတယ်လို့ သိရပါတယ်။
ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က ကုန်စည်စီးဆင်းမှုမြန်ဆန်အောင် မလိုအပ်တဲ့ စစ်ဆေးရေးဂိတ်တွေ ပိတ်သိမ်းဖို့ ညွန်ကြားနေပေမယ့် အောက်ခြေမှာတော့ စစ်ဆေးရေးဂိတ်ဟောင်းတွေ မဖျက်တဲ့အပြင် ဂိတ်အသစ်တွေပါ တိုးချဲ့တည်ဆောက်နေပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လစလို့ ကျိုက်ထိုမြို့နယ်အတွင်းရှိ ရန်ကုန်-မော်လမြိုင်ကားလမ်းတစ်လျှောက်မှာ စစ်ဆေးရေးဂိတ် ၅ ခု အသစ်ထပ်မံတည်ဆောက်ထားပြီး နဂိုဂိတ်ဟောင်းတွေပေါင်းပါက စစ်ဆေးရေးဂိတ် ၁၀ ခုအထက်ရှိတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

