ကျိုက်ထို၊ အောက်တိုဘာ ၁၇
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာနဲ့ဘိုရားကြီးကျေးရွာ လမ်းပိုင်းမှာ အမျိုးသမီး နှစ်ဦး သေနတ်ပြ လုယက်ခံရတာကြောင့် ရွှေ သုံးကျပ်သား ပါသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်လောက်မှာ မလော့ချောင်ကျေးရွာနေ အသက် ၄၀ အရွယ် အမျိုးသမီး နှစ်ဦးဟာ ဆိုင်ကယ်နဲ့ ကျိုက်ထိုမြို့သို့ လာစဉ် ဆိုင်ကယ်နဲ့ လိုက်လာလာတဲ့ အမျိုးသားနှစ်ဦးက သေနတ်ပြ လုယက်ခဲ့တာပါ။
သေနတ်ပြလုယက်ခံရတာကြောင့် အမျိုးသမီး နှစ်ဦးဝတ်ဆင်လာတဲ့ ရွှေထည် သုံးကျပ်သား ကာလတန်ဖိုး ကျပ်သိန်း ၃၀၀ ကျော် လုယက်ခံလိုက်ရပါတယ်။
အဲဒီဖြစ်စဉ်မှာ ရွှေအတင်း ချွတ်ခိုင်းမှုကြောင့် အမျိုးသမီး တစ်ဦးက ရုန်းကန်ဖို့ ကြိုးပမ်းမှုကို သေနတ် နှစ်ချက် မိုးပေါ်ထောင်ပြီး ပစ်ဖောက်သွားတယ်လို့ ဆိုပါတယ်။
သေနတ်ပြ လုယက်မှု ကျူးလွန်ခဲ့သူတွေကိုတော့ စစ်တပ် အသွင်းပြောင်း အစိုးရ လက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိတာ မရှိသေးပါဘူး။
လုယက်ခံရတဲ့ ကော့ထင်းနဲ့ဘိုရားကြီးကျေးရွာလမ်းပိုင်းဟာ ကား၊ ဆိုင်ကယ်တွေအမြဲတမ်းလိုလို သွားလာနေတဲ့ လမ်းပိုင်းဖြစ်ပြီး သေနတ်ပြ လုယက်မှုတွေကြောင့် ဒေသခံပြည်သူတွေအကြား စိုးရိမ်ပူပန်မှု မြင့်တက်နေပါတယ်။
မွန်ပြည်နယ်မှာ ဒီမိုကရေစီအစိုးရလို့ ကြွေးကြော်နေတဲ့ စစ်တပ် အသွင်းပြောင်း အစိုးရလက်ထက်မှာလည်း ဓားပြတိုက်မှုတွေ၊ သေနတ်ပြ လုယက်မှုတွေ ခပ်စိပ်စိပ် ဖြစ်ပွားနေပေမယ့် တရားခံတွေကို ဖမ်းဆီးရမိတာ မရှိသလောက် နည်းပါးနေပါတယ်။
သတင်း – သံလွင်တိုင်းမ်

