မော်လမြိုင်၊ အောက်တိုဘာ ၁၇
မွန်ပြည်နယ်မှာ စစ်တပ် အသွင်ပြောင်း အစိုးရအဖွဲ့က အယ်လ်နီညိုဘေးဒဏ် ရင်ဆိုင်ဖို့ အပူရှောင်စခန်းတွေ တိုးချဲ့ဖွင့်လှစ်ထားပေမယ့် လာရောက်အပူရှောင်သူ မရှိဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်အစိုးရဟာ အလွန်ပြင်းထန်တဲ့ စူပါအယ်လ်နီညိုကို ရင်ဆိုင်ဖို့ မွန်ပြည်နယ်အတွင်းရှိ ဘုန်းကြီးကျောင်းတွေမှာ အပူရှောင်စခန်းတွေ ဖွင့်လှစ်ထားဖို့နဲ့ အရေးပေါ် ကုသနိုင်အောင် စီမံထားဖို့ ညွှန်ကြားထားပါတယ်။
ဒါပေမယ့် စစ်အစိုးရက ဖွင့်လှစ်ထားတဲ့ အပူရှောင်စခန်းတွေမှာ လျှပ်စစ်မီး မမှန်တာ၊ သွားလာဖို့ အခက်အခဲရှိတာကြောင့် လာရောက်အပူရှောင်သူ မရှိဘူးလို့ ဆိုပါတယ်။
စစ်အစိုးရရဲ့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကတော့ အပူဒဏ်ကို ရင်ဆိုင်ဖို့ မွန်ပြည်နယ်မှာ အပူရှောင်စခန်း ၁၄၈ ခုအထိ တိုးချဲ့ဖွင့်လှစ်သွားမယ်လို့ အသိပေးထားပါတယ်။
ဒေသခံတွေကတော့ စစ်အစိုးရအနေနဲ့ အပူရှောင်စခန်းတွေ ဖွင့်လှစ်တာထက် နေအိမ်တွေမှာ အဆင်ပြေစွာ အနားယူနိုင်ဖို့ လျှပ်စစ်မီးသာ မှန်မှန်ပေးဖို့ တောင်းဆိုပါတယ်။
အပူရှောင်စခန်းတွေ ဖွင့်လှစ်မှုဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့က ပြုလုပ်တဲ့ အစည်းအဝေးမှာ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ညွှန်ကြားချက်ကြောင့် သိရပါတယ်။
အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်ကတော့ အယ်လ်နီညို ရာသီဥတုကို ကျော်ဖြတ်နိုင်ဖို့အတွက် ပြည်သူတွေအနေနဲ့ ရေနဲ့စားနပ်ရိက္ခာ ကြိုတင်စုဆောင်းထားဖို့နဲ့ အပူရှောင်စခန်းတွေ ဖွင့်လှစ်ဖို့ ညွှန်ကြားထားပါတယ်။
ဒေသတွင်း လူမှုကယ်ဆယ်ရေးအဖွဲ့တွေရဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ အယ်လ်နီညိုဖြစ်ကြောင့် အခုလအတွင်း အပူလျှပ်သေဆုံးသူ ၅ ဦး အထိ ရှိလာခဲ့ပါတယ်။
ကမ္ဘာ့မိုးလေဝသပညာရှင်တွေကတော့ စူပါအယ်လ်နီညိုဖြစ်စဉ်ဟာ ၂၀၂၆ ခုနှစ် နိုဝင်ဘာလနဲ့ဒီဇင်ဘာလတွေမှာ အမြင့်ဆုံး အခြေအနေကို ရောက်ရှိနိုင်ပြီး အပူချိန်မြင့်မားမှုကြောင့် လူဦးရေ သိန်းနဲ့ချီ သေဆုံးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

