ဘားအံ၊ အောက်တိုဘာ ၁၉
၇၁ နှစ်မြောက် ကရင်ပြည်နယ်နေ့ ပွဲတော်ရောက်ဖို့ ရက်ပေါင်း ၂၀ လောက်သာ လိုတော့တဲ့အချိန် ဘားအံမြို့မှာ စစ်အစိုးရရဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဦးဆောင်တဲ့အဖွဲ့တွေက လိုင်စင်မဲ့ယာဉ်တွေ လိုက်လံဖမ်းဆီးမှုတွေ အရှိန်အဟုန်မြင့်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အခုလ အောက်တိုဘာလအတွင်း ဘားအံမြို့တွင်းနေရာအနှံ့နဲ့ မြို့ပြင်ဘက်တွေမှာပါ ယာဉ်ထိန်းရဲတပ်ဖွဲ့တွေက ကားတွေနဲ့လှည့်ပတ်သွားလာပြီး လမ်းပေါ်မှာဖြတ်သန်းမောင်းနှင်လာတဲ့ လိုင်စင်မဲ့ကား၊ ဆိုင်ကယ်တို့ကို တားဆီးစစ်ဆေးပြီးနောက် သိမ်းဆည်းသွားခဲ့တာပါ။
သိမ်းဆည်းရမိတဲ့ လိုင်စင်မဲ့ယာဉ်တွေအားလုံးထဲက အစီးရေ အနည်းအကျဉ်းလောက်သာ စာရင်းတင်ပြခဲ့ကာ အထက်ဌာနကို ပို့ဆောင်ခဲ့ပြီး လိုင်စင်မဲ့ယာဉ်အများစုကိုတော့ ဖမ်းဆီးရမိတဲ့စာရင်းထဲ မထည့်သွင်းမဖော်ပြဘဲ ငွေကြေး ကျပ်သိန်းဆယ်ချီတောင်းယူလိုက်ကာ ပြန်လည်လွှတ်ပေးလိုက်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
ယာဉ်ထိန်းရဲတွေ လိုင်စင်မဲ့ကားဖမ်းပြီး ငွေညစ်တောင်းယူကာ လုပ်စားနေတာဖြစ်ပြီး လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ လိုင်စင်မဲ့ယာဉ်တွေကိုတော့ ဖမ်းဆီးသိမ်းဆည်းတာ မရှိဘူးလို့ ဘားအံမြို့ခံတစ်ဦးက ဆိုပါတယ်။
တဖက်မှာတော့ စစ်အစိုးရခန့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက လာမယ့် အောက်တိုဘာ ၂၆ ရက်နေ့မှာ ကျရောက်မယ့် သီတင်းကျွတ်ပွဲတော်နဲ့ နိုဝင်ဘာ ၇ ရက်နေ့မှာ ကျရောက်မယ့် ၇၁ နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲတော်တွေကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားဖို့ စီစဉ်နေပါတယ်။
သီတင်းကျွတ်ပွဲတော်နဲ့ ကရင်ပြည်နယ်နေ့ပွဲတော်တို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လိုပါက လိုင်စင်မဲ့ယာဉ်ဖမ်းဆီးတာတွေ မပြုလုပ်ဖို့လည်း ဒေသခံတွေက ထောက်ပြပြောဆိုမှုတွေ ရှိနေပေမယ့်လည်း ကရင်ပြည်နယ် စစ်အစိုးရက လိုင်စင်မဲ့ယာဉ်တွေ ဖမ်းဆီးတာကို ဆက်လက်လုပ်ဆောင်နေဆဲပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ကရင်ပြည်နယ်နေ့ပွဲတော်အတွက် တစ်အိမ်ကို ငွေကျပ် အနည်းဆုံး ၂၀၀၀၀ ထည့်ပေးရပြီး ဒီလိုငွေကျပ် ၂၀၀၀၀ ထည့်ပေးရတာကြောင့် အခြေခံလူတန်းစာဒေသခံတွေအတွက်ကတော့ အခက်ကြုံနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်မှုထမ်းကြေးအတွက် လစဉ်ငွေထည့်ဝင်ပေးဆောင်နေရတဲ့အပြင် အခုအခါမှာ ကရင်ပြည်နယ်နေ့ပွဲတော်အတွက်ဆိုပြီး ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေကို ငွေကြေးထည့်ပေးနေရသလို လက်ရှိကျင်းပနေဆဲ ဘောလုံးပြိုင်ပွဲအတွက်လို့ဆိုကာ ငွေကျပ် ၂၀၀၀၀ လည်း အိမ်တိုင်းထည့်သွင်းရတယ်လို့ ဆိုပါတယ်။
ဒေသခံတွေအတွက်ကတော့ ကုန်ဈေးနှုန်းတွေမိုးထိုးအောင် တက်နေတဲ့ကြားကနေ စစ်အုပ်စုရဲ့ မကြာခဏဆိုသလို ငွေကြေးကောက်ခံနေတာတွေကို မရှိ ရှိတဲ့ကြားကနေ ထည့်သွင်းပေးဆောင်နေရတာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်

