ဝါရှင်တန်၊ အောက်တိုဘာ ၁၉
ရုရှားအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိဆို့မှု တချို့ကို ဆိုင်းငံ့ဖို့ ဆုံးဖြတ်လိုက်တာက မော်စကိုကို ဆွေးနွေးရေး စားပွဲဝိုင်းမှာ ဆက်ရှိနေစေရေး ကြိုးပမ်းမှု တစ်ခု ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ပြောပါတယ်။
ရုရှားနဲ့ ယူကရိန်းကြား စစ်ပွဲအတွင်း ငြိမ်းချမ်းရေး ညှိနှိုင်းရေး လုပ်ငန်းစဉ်မှာ မိမိ ပါဝင်နေတယ်လို့ ထရန့်က လူမှုမီဒီယာမှာ ရေးပါတယ်။
ရုရှားကို ဆွေးနွေးရေး စားပွဲဝိုင်းနဲ့ ဝေးရာသို့ ရောက်သွားစေမယ့် ရူးမိုက်တဲ့ အရာ တစ်ခုမှ ပြုလုပ်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
ရုရှားအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ အသက်မဝင်ခင် နှစ်ရက်အလို အောက်တိုဘာ ၁၆ ရက် ညပိုင်းက ဒဏ်ခတ် ပိတ်ဆို့မှု အတော်များများကို ထရန့်က တားဆီးခဲ့တာပါ။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ ဆက်ဆံရေး မပြေလည်မှုကလည်း ပိုမို နက်ရှိုင်းလာနေပါတယ်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဘက်က ရပ်တည်ရင် သမိုင်းဝင် အမှား တစ်ခု ဖြစ်လိမ့်မယ်လို့ ဇီလန်စကီးက အောက်တိုဘာ ၁၈ ရက်က NBC News သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ထရန့်ရဲ့ ညွှန်ကြားချက်ဟာ အရေးကြီးပြီး စစ်မှန်တဲ့ သမိုင်းဝင် အခိုက်အတန့် ဖြစ်တယ်လို့ ရုရှား ကိုယ်စားလှယ် ကီရီလ် ဒီမီထရိဗ်က တုံ့ပြန်ပါတယ်။
အမေရိကန် လွှတ်တော်က အတည်ပြုပြီး အမေရိကန် သမ္မတက စက်တင်ဘာလ အတွင်း လက်မှတ်ရေးထိုးခဲ့တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် အမေရိကန်နဲ့ ကမ္ဘာ့ဈေးကွက်တွေအတွက် ပြင်းပြင်းထန်ထန် ထိခိုက်စေလိမ့်မယ်လို့ ရုရှားကိုယ်စားလှယ်ကဆိုပါတယ်။
ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရက်ပေါင်း ၆၀ ကြာ ဆိုင်းငံ့ထားမှုအတွင်း အမေရိကန်နဲ့ ကမ္ဘာ့စီးပွားရေးအပေါ် ရိုက်ခတ်နိုင်ခြေတွေကို လေ့လာသွားမှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ပြောပါတယ်။
ဇီလန်စကီးက ရုရှားရဲ့ စွမ်းအင် အဆောက်အဦတွေကို ဆက်လက် တိုက်ခိုက်နေပြီး စစ်ပွဲ အဆုံးသတ်စေလိုပုံမရဘူးလို့လည်း ထရန့်က စွပ်စွဲပြီး စစ်ပွဲကို လုံးဝ အဆုံးမသတ်စေချင်ခဲ့တာ ဖြစ်နိုင်တယ်လို့ ပြောထားပါတယ်။
တိုက်ခိုက်မှုတွေ ရပ်တန့်ရေး ဇီလန်စကီးက တွန်းအားပေးခဲ့ပေမယ့် ပူတင်က ငြိမ်ချမ်းရေး မလိုချင်ဘူးလို့ အကြိမ်ကြိမ် ပြောထားပါတယ်။
ရုရှား ဒီဇယ်ဆီတွေ တင်သွင်းရေး အမေရိကန်က အငြင်းပွားစရာ သဘောတူညီမှု တစ်ရပ် ပြီးခဲ့တဲ့သီတင်းပတ်က ရယူခဲ့ပြီးနောက်ပိုင်း ဝါရှင်တန်နဲ့ ကိဗ်တို့ရဲ့ ဆက်ဆံရေး အဆင်မပြေ ဖြစ်ခဲ့ရပါတယ်။
နိုင်ငံတကာ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရှိနေပေမယ့် ရုရှားဟာ သူတို့ရဲ့ ရေနံ အများစုကို တရုတ်နဲ့ အိန္ဒိယသို့ မကြာခဏဆိုသလို လျှော့ဈေးနဲ့ ရောင်းချလို့ ရနေဆဲ ဖြစ်ပါတယ်။
တရုတ်က ရုရှား ရေနံစိမ်း တင်ပို့မှုရဲ့ ထက်ဝက်လောက်ကို ဝယ်ယူနေတာ ဖြစ်ပြီး အိန္ဒိယက ၃၇ ရာခိုင်နှုန်း ဝယ်ယူနေတာ ဖြစ်တယ်လို့ စွမ်းအင်နဲ့ သန့်ရှင်းတဲ့ လေဆိုင်ရာ သုတေသန စင်တာ တတ်သိပညာရှင်များက ပြောပါတယ်။
ရုရှား စစ်ဆက်တိုက်ဖို့ ရန်ပုံငွေ မရရှိစေရေး ပြင်းထန်တဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်ဖို့ ဇီလန်စကီးက အကြိမ်ကြိမ် တွန်းအားထားပါတယ်။
အီရန် စစ်ပွဲအတွင်း ခေါင်ခိုက်အောင် မြင့်တက်ခဲ့တဲ့ အမေရိကန် ဒီဇယ်ဈေး လျော့ကျစေရေး ရုရှား ဒီဇယ်တွေ ဝယ်ယူမယ့် ထရန့်ရဲ့ အစီအစဉ်တွေကို ယူကရိန်းနဲ့ သူ့ရဲ့ ဥရောပ မဟာမိတ်တွေက ဝေဖန်ခဲ့ကြပါတယ်။
Starlink အင်တာနက်လိုင်း အမြန်နှုန်း နှေးကွေးအောင် လုပ်ဆောင်မှု နောက်ကွယ်မှာ အမေရိကန် ပါဝင်နေတယ်လို့လည်း ဇီလန်စကီးက စွပ်စွဲထားပါတယ်။
Ref:BBC

