ကွာလာလမ်ပူ၊ အောက်တိုဘာ ၁၇

၂၀၂၃ အောက်တိုဘာ ၇ ရက်နောက်ပိုင်း အစ္စရေးတပ်တွေ ကျူးလွန်ခဲ့တဲ့ သုံးနှစ်ကြာ လူမျိုးတုန်း သတ်ဖြတ်မှု၊ ကျူးကျော် တိုက်ခိုက်မှု၊ လူမျိုးတုန်း ရှင်းလင်းမှုတွေ ရှိခဲ့ပြီးနောက် လူပေါင်း ၂ ဒသမ ၄ သန်းကျော် နေထိုင်ရာ ဂါဇာ ကမ်းမြောင် ဒေသရှိ အဆောက်အဦတွေနဲ့ အခြေခံ အဆောက်အဦ ၉၀ ရာခိုင်နှုန်းကျော် ပျက်စီးသွားခဲ့ပါတယ်။

ဂါဇာ ကမ်းမြောင်ဒေသရှိ အစိုးရမီဒီယာရုံးက ထုတ်ပြန်ထားတဲ့ ဂါဇာ ဒေသ အပေါ် လူမျိုးတုန်း ဆင်နွှဲတဲ့ စစ်ပွဲလို့ ခေါင်းစဉ်တပ်ထားတဲ့ အစီရင်ခံစာမှာ ပြီးခဲ့တဲ့ သုံးနှစ်အတွင်း ကလေးငယ် ၂၁၉၇၆ ဦး အပါအဝင် လူပေါင်း ၇၄၂၅၀ ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားပြီး အပျက်အစီးတွေထဲ ပျောက်ဆုံးနေသူ ၉၅၀၀ ကျော် ရှိကြောင်း ဖော်ပြထားပါတယ်။

ဂါဇာ ဒေသအပေါ်ကနေ ဖောက်ခွဲရေး ပစ္စည်း ၂၃၀၀၀၀ ကျော် ကြဲချခဲ့ပြီး အစ္စရေး ထိန်းချုပ်ထားတဲ့ နယ်မြေ ၈၀ ရာခိုင်နှုန်းမှာ အဲဒီလို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အစ္စရေးက မြေပြင် ကျူးကျော် တိုက်ခိုက်မှုတွေလည်း ပြုလုပ်သလို ဒေသခံတွေကို နှင်ထုတ်တာအပြင် ဘေးကင်းရာ ဒေသလို့ သတ်မှတ်ထားရာနေရာကို ၂၈၇ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ ကျန်းမာရေး ဝန်ထမ်း ၁၇၂၃ ဦး၊ အရပ်ဖက် ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁၄၉ ဦး၊ ဂျာနယ်လစ် ၂၆၂ ဦး၊ စည်ပင်သာယာ ဝန်ထမ်း ၁၉၄ ဦး၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လူသားချင်း စာနာထောက်ထားရေး ဝန်ထမ်း ၂၈၀၀ ကျော် ပါဝင်ကြောင်း အစီရင်ခံချက်မှာ ဖော်ပြထားပါတယ်။

မိသားစုပေါင်း ၃၉၀၂၂ ကျော်ဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် သက်ရောက်မှု ရှိခဲ့ပြီး သေဆုံးသူတွေထဲမှာ အားကစား အသိုင်းအဝိုင်းကလည်း ပါဝင်တယ်လို့ သိရပါတယ်။

မိသားစုလိုက် သေဆုံးတဲ့ မိသားစု အရေအတွက် ၂၇၀၀ ကျော် ရှိတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒဏ်ရာတွေကြောင့် ဆေးကုသမှု ခံယူနေရသူ ၁၇၅၂၇၈ ဦး ရှိပြီး ခြေလက် ဖြတ်တောက်လိုက်ရသူ ၅၄၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုတွေ အတွင်း ဆေးရုံ ၃၈ ခု၊ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု အဆောက်အဦ ၉၆ ခု ပျက်စီးသွားခဲ့တာ ဒါမှမဟုတ် လုပ်ငန်း လည်ပတ်မှု ရပ်ဆိုင်းသွားခဲ့ရပါတယ်။

ပညာရေးကဏ္ဍမှာလည်း စာသင်ကျောင်းတွေရဲ့ ၉၇ ရာခိုင်နှုန်း ထိခိုက် ပျက်စီးသွားခဲ့ပြီး ၈၇ ရာခိုင်နှုန်းဟာ ပြန်တည်ဆောက်ဖို့ လိုအပ်တဲ့ အခြေအနေ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို ထိခိုက်ပျက်စီးရာ နေရာတွေမှာ ဝတ်ပြုဆုတောင်းရာနေရာတွေ သုသာန်တွေလည်း ပါဝင်ပြီး လူနေ အဆောက်အဦတွေလည်း ပျက်စီးသွားခဲ့သလို မွေးမြူရေး တိရိစ္ဆာန် အများအပြားလည်း သေဆုံးခဲ့ရပါတယ်။

စစ်ပွဲကြောင့် ဂါဇာ ကမ်းမြောင်ဒေသ ပျက်စီးဆုံးရှုံးမှု တန်ဖိုးဟာ ဒေါ်လာ ဘီလီယံ ဆယ်ဂဏန်းများစွာ ရှိပါတယ်။
Ref:Bernama

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.