ဂျကာတာ၊ အောက်တိုဘာ ၁၉

တောနဲ့ မြေယာတွေ မီးလောင်ကျွမ်းမှုကနေ ထွက်ပေါ်လာနေတဲ့ ထူထဲတဲ့ မီးခိုးမြူ ကြဲပါးသွားစေရေး အင်ဒိုနီးရှားက ဆူမတြားကျွန်းပေါ်ရှိ တောင်ဆူမတြား ဝေဟင်မှာ ရေခဲခြောက် ၂ ဒသမ ၄ တန် ချထားလိုက်ပါတယ်။

အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အချက်အလက်ဌာန အကြီးအကဲ ဘာတွန် ပန်ဂျိုင်တန်က အောက်တိုဘာ ၁၅ ရက်နဲ့ ၁၆ ရက်က နှစ်ရက်ကြာ လုပ်ဆောင်ခဲ့တဲ့ အစီအစဉ်ဟာ လေကြောင်းခရီးစဉ်တွေ အနှောင့်အယှက် ဖြစ်နေရတဲ့ မီးခိုးမြူများ ထူထဲနေတဲ့ ပါလမ်ဘန်း ဒေသရှိ ဆူလ်တန်၊ မူဟာမက် ဘာဒါရူဒင် ၂ နိုင်ငံတကာ လေဆိပ်တဝိုက် ဒေသကို အဓိကထား ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

နှစ်ရက်ကြားအတွင်း ရာသီဥတု အခြေအနေ တိုးတက်လာစေရေး အစီအစဉ်မှာ လေကြောင်း ပျံသန်းမှု သုံးကြိမ် ပါဝင်ပြီး စုစုပေါင်း ပျံသန်းချိန် ၇ နာရီနဲ့ ၃ မိနစ် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ အစီအစဉ် ပြုလုပ်ပြီးနောက် နိုင်ငံတကာ လေဆိပ်မှာ မြင်နိုင်စွမ်းအားဟာ မီတာ ၁၀၀၀ ကနေ မီတာ ၃၀၀၀ အထိ တိုးတက်ကောင်းမွန်လာခဲ့တယ်လို့ အကြီးအကဲ ဘာတွန်က ပြောပါတယ်။

ဒီလို အခြေအနေ တိုးတက်လာတာက ရေခဲခြောက်တွေကြောင့်လား ဒါမှမဟုတ် တခြား ရာသီဥတု အခြေအနေတွေကြောင့်လား သိရဖို့ နောက်ထပ် လေ့လာမှုတွေပြုလုပ်ရဦးမယ်လို့ သူက ဖြည့်စွက် ပြောဆိုပါတယ်။

အင်ဒိုနီးရှား မိုးလေဝသ၊ ရာသီဥတုနဲ့ ပထဝီရူပ အေဂျင်စီ (BMKG) က သီးခြား ကြေညာချက် တစ်ရပ်မှာ တောမီးများက ထွက်ပေါ်လာတဲ့ မီးခိုးတွေဟာ အောက်တိုဘာ ၁၆ ရက်က မဟာ ဂျကာတာ ဒေသပေါ်မှာ ကမ္ဘာလေထုထဲ ရောက်ရှိသွားခဲ့ပေမယ့် ၁၇ ရက်မှာတော့ ဝေးရာကို စတင် ရွေ့လျားသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြေပြင်အနီး မီးခိုးတွေကို ဖမ်းယူထားတဲ့ လေထု အားနည်းသွားစေအောင် လုပ်ဆောင်ပြီးတော့ မီးခိုးတွေ ကြဲပါး သွားစေရေး နည်းလမ်း တစ်ခု အနေနဲ့ ရေခဲခြောက်တွေကို စမ်းသပ် အသုံးပြုခဲ့တာ ဖြစ်တယ်လို့ ဘာတွန်က ဆိုပါတယ်။

တောင်ဆူမတြားဟာ ရီအု၊ ဂျမ်ဘီ၊ အနောက် ကလီမန်တန်၊ ဗဟို ကလီမန်တန်၊ တောင် ကလီမန်တန်ပြည်နယ်တို့နဲ့အတူ တောမီးနဲ့ မြေယာမီး ကြိုတင် ကာကွယ်ရေးနဲ့ တုံ့ပြန်ရေးမှာ အင်ဒိုနီးရှားအတွက် ထိပ်တန်း ဦးစားပေး အဖြစ် သတ်မှတ်ထားတဲ့ ပြည်နယ် ဖြစ်ပါတယ်။

အောက်တိုဘာ ၁၆ ရက် နောက်ပိုင်း အဲဒီ ပြည်နယ်တွေမှာ မီးလောင်နိုင်တယ်လို့ အခိုင်အမာ ယုံကြည်ရတဲ့ နေရာ ၁၈၉ နေရာတွေ့ရှိထားတယ်လို့ အရာရှိတွေက ပြောပါတယ်။

သမ္မတ ပရာဘိုဝို ဆူဘီယန်တိုရဲ့ တိုက်ရိုက် ညွှန်ကြားချက်အရ ရေခဲခြောက် အသုံးပြုတဲ့ နည်းလမ်းကို အင်ဒိုနီးရှားက ပထမဆုံးအကြိမ် အသုံးပြုခဲ့တာလည်း ဖြစ်ပါတယ်။

မီးခိုးမြူတွေကို ရှင်းလင်းရာမှာ အဲဒီ နည်းပညာ ဘယ်လောက်အထိ ထိရောက်မှု ရှိသလဲ ဆိုတာကို လေ့လာ ဆုံးဖြတ်ပြီး တခြား ဒေသတွေမှာလည်း သုံးနိုင်မလား ဆိုတာကို ဆုံးဖြတ်သွားမယ်လို့ အင်ဒိုနီးရှား အရာရှိတွေက ပြောပါတယ်။

ပီလောပီနံ အမှုန့်က ထုတ်ထားတဲ့ မီးသတ်ဆေးနဲ့ ပေါ်တူဂီ အမှုန့်လို့ ခေါ်တဲ့ Realiza Antichamas ကို ဂျယ်အဖြစ် ပြောင်းလဲပြီး ရေနဲ့ ရောပြီး မီးငြှိမ်းသတ်တာ အပြင် တခြား နည်းလမ်းတွေကိုလည်း အသုံးပြုနေပါတယ်။

Ref:Agencies

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.