နေပြည်တော် ၊ အောက်တိုဘာ ၁၉
နိုင်ငံတဝန်းရှိ စစ်အုပ်ချုပ်ရေးအမိန့်အဖြစ် ကြေညာထားတဲ့ ၅၈ မြို့နယ်ထဲက ၅၅ မြို့နယ်မှာ ထပ်မံသက်တမ်းတိုးပြီး အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေကို တပ်ချုပ်ထံ အပ်နှင်းလိုက်တယ်လို့ စစ်အစိုးရရဲ့ သမ္မတရုံးက အောက်တိုဘာ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်မှာ စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာခဲ့တဲ့ မြို့နယ်တွေထဲက အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေ မူလအခြေအနေကို ပြန်လည်ရောက်ရှိခဲ့တဲ့ မန္တလေးတိုင်းက ငါန်းဇွန်၊ ရှမ်းပြည်နယ်က ကျောက်မဲနဲ့ သီပေါတို့ကို ပယ်ဖျက်လိုက်တာပါ။
ဒါကြောင့် ကျန်ရှိတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က ၅၅ မြို့နယ်ကို အရေးပေါ်အခြေအနေနဲ့ စစ်အုပ်ချုပ်ရေးအဖြစ် အောက်တိုဘာ ၁၈ ရက်ကစတင်ကာ ရက်ပေါင်း ၉၀ အထိ သက်တမ်းတိုးခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ အောက်တိုဘာ ၁၆ ရက်မှာ ကျင်းပခဲ့တဲ့ တတိယကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေးရဲ့ သဘောတူညီမှုနဲ့ ဥပဒေကဲ့သို့ အာဏာတည်တဲ့အမိန့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၁၂၊ ပုဒ်မခွဲ (ဃ) အရ ဆက်လက်အတည်ဖြစ်တယ်လို့ ဆိုပါတယ်။
အရေးပေါ်အခြေအနေအဖြစ် ကြေညာထားတဲ့ မြို့နယ်တွေမှာ အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့ မူလအခြေအနေ ပြန်လည်ရောက်ရှိစေရေးအတွက် စစ်အုပ်ချုပ်ရေးအမိန့်ကို ဆက်လက်ထုတ်ပြန်ခဲ့တာပါ။
ဒီအတွက် အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အပ်နှင်းလိုက်ကြောင်း ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ လက်မှတ်နဲ့ သမ္မတရုံးက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
တပ်ချုပ်က အဲဒီလုပ်ပိုင်ခွင့်နဲ့ တာဝန်တွေကို ကိုယ်တိုင် ကျင့်သုံးဆောင်ရွက်တာ ဒါမှမဟုတ် သင့်လျော်တဲ့ စစ်ဘက်အာဏာပိုင်တစ်ဦးဦးကို ကျင့်သုံးဆောင်ရွက်စေခြင်းပြုနိုင်ကြောင်းကိုလည်း အမိန့်မှာ ထည့်သွင်းဖော်ပြထားတာ တွေ့ရပါတယ်။
အလားတူ တပ်မတော်ကာကွယ်ရေးဦးချုပ်ရုံးကလည်း မူလအခြေအနေ ပြန်ရောက်ရှိခဲ့တဲ့ မြို့နယ်သုံးမြို့နယ်ကလွဲရင် ကျန်မြို့နယ်တွေ ဆက်လက်အတည်ဖြစ်ကြောင်း တပ်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး လက်မှတ်နဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကို ထုတ်ပြန်ခဲ့ပါတယ်။
အာဏာသိမ်း စစ်တပ်အနေနဲ့ အရပ်သားအသွင်ပြောင်း စစ်အစိုးရအဖြစ် ဖွဲ့စည်းပြီးနောက်ပိုင်း ဧပြီ ၂၃ ရက်နေ့မှာ တိုင်းနဲ့ပြည်နယ် ကိုးခုက မြို့နယ် ၆၀ ကို အရေးပေါ်အခြေအနေအဖြစ် သမ္မတရုံးကနေ ဥပဒေကဲ့သို့အာဏာတည်တဲ့အမိန့်နဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဲဒီနောက်ပိုင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေ မူလအခြေအနေကို ပြန်လည်ရောက်ရှိခဲ့တဲ့ ချင်းပြည်နယ်က တွန်းဇံမြို့နယ်နဲ့ ဖလမ်းမြို့နယ်တို့ကို ချန်လှပ်ပြီး ကျန် ၅၈ မြို့နယ်ကို အရေးပေါ်အခြေအနေနဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကို လွှတ်တော်ကနေတဆင့် ရက်ပေါင်း ၉၀ သက်တမ်းတိုးခဲ့တာပါ။
ဒါကြောင့် လက်ရှိမှာတော့ နောက်ထပ် မြို့နယ်သုံးမြို့နယ်ကို ချန်လှပ်ပြီး ကျန်ရှိတဲ့ မြို့နယ်တွေကို ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ စစ်အစိုးရရဲ့ သမ္မရုံးကနေ အရေးပေါ်အခြေအနေနဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကို ဆက်လက်အတည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်

