မနီလာ အောက်တိုဘာ ၁၆
ကြက်သွန်နီဈေးနှုန်း ခေါင်ခိုက်အောင် မြင့်တက်စေခဲ့တဲ့ အမြတ်ကြီးစား ကြက်သွန်နီ လုပ်ငန်းများ အဖွဲ့ ဖွဲ့စည်းမှုအတွက် ကုမ္ပဏီ ၆ ခုကို ဖိလစ်ပိုင် အာဏာပိုင်တွေက ဒဏ်ငွေ ပီဆို ၁ ဒသမ ၇၆ ဘီလီယံ (အမေရိကန် ဒေါ်လာ ၂၈ သန်း) ချမှတ်လိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံက မီးဖိုချောင်တွေမှာ အမြဲ မပါမဖြစ်တဲ့ ကြက်သွန်နီ ဈေးနှုန်းဟာ ၂၀၂၂ ခုနှစ်က ၁ ကီလိုဂရမ်ကို ၈၀၀ ပီဆိုအထိ စံချိန်တင် မြင့်တက်ခဲ့ပြီး နိုင်ငံရဲ့ နေ့စဉ် လုပ်ခလစာထက် ပိုများခဲ့သလို အသားဈေးတွေထက် ပိုများခဲ့ပါတယ်။
အဲဒီ ပြဿနာကြောင့် စားသောက်ကုန် ဈေနှုန်း မြင့်တက်မှုကို လျော့ကျအောင် လုပ်မယ်လို့ ကတိပေးထားတဲ့ သမ္မတ ဖာဒီနန် မားကို့စ်အပေါ် ဖိအားတွေ ရှိလာခဲ့ ပါတယ်။
ကြက်သွန်နီ တင်သွင်းသူတွေ၊ သိုလှောင်ထားသူတွေ ပို့ဆောင်ရေးလုပ်ငန်းတွေ ပါဝင်နေတဲ့ ကုမ္ပဏီ အုပ်စုကို ဒဏ်ငွေ ချမှတ်တာဟာ မိမိတို့ အဖွဲ့ ၂၀၁၆ ခုနှစ်က စတင် တည်ထောင်ပြီး နောက်ပိုင်း အကြီးမားဆုံး ဒဏ်ငွေ ဖြစ်တယ်လို့ ဖိလစ်ပိုင် ဈေးကွက် အပြိုင်အဆိုင်ရှိစေရေး ကော်မရှင်က ပြောပါတယ်။
၂၀၂၂ နှစ်ကုန်ပိုင်းကနေ ၂၀၂၃ နှစ်ဆန်းပိုင်းကြား လများစွာမှာ ကြက်သွန်နီဟာ စားသောက်ဆိုင်တွေရဲ့ အစားအသောက် စာရင်းတွေကနေ ပျောက်သွားခဲ့ပြီး မှောင်ခိုသွင်းဖို့ ကြိုးပမ်းရတဲ့ စားကုန် တစ်ခု ဖြစ်လာခဲ့ပါတယ်။
အာဏာပိုင်တွေက ကြက်သွန်နီ အရေးပေါ် တင်သွင်းခွင့် ခွင့်ပြုခဲ့ပြီး လှောင်ထားသူတွေကို အရေးယူမယ်လို့ သမ္မတ မားကို့စ်က ကြွေးကြော်ခဲ့ပါတယ်။
စားနပ်ရိက္ခာတွေ သိုလှောင်ထားသူတွေရဲ့ လုပ်ဆောင်ချက်ကြောင့် ဖိလစ်ပိုင်နိုင်ငံသားတွေ အစာငတ်မွတ်ပြီး ဆင်းရဲမွဲတေလို့ သေလုမတတ် ဖြစ်နေပြီလို့ ဆိုပါတယ်။
၂၀၂၃ ခုနှစ် နှောင်းပိုင်းမှာ ပြည်တွင်း ကြက်သွန်းတွေ ထွက်လာတာကြောင့် ဈေးနှုန်း တည်ငြိမ်သွားပြီး ပြဿနာ အဆုံးသတ်ခဲ့ရပါတယ်။
ဈေးနှုန်း ပြဿနာအပေါ် စုံစမ်း စစ်ဆေးရေး တာဝန်ပေးထားတဲ့ ကနဦး ကော်မတီက လက်ဝါးကြီး အုပ်တဲ့ လုပ်ငန်းအစုအဖွဲ့ဟာ ကြက်သွန်ဈေး မဟုတ်မမှန် မြင့်တက်လာအောင် လုပ်ဆောင်မှု နောက်ကွယ်မှာ ပါဝင်တယ်လို့ ပြောပါတယ်။
စီးနင်းမှုတွေအတွင်း စစ်ဆေးရှာဖွေရာမှာ အဲဒီ ကုမ္ပဏီ ၆ ခုဟာ ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်တွေအတွင်း ကြက်သွန်နီ တင်သွင်းခွင့် ခွင့်ပြုပြီးသား လိုင်စင် ၅၀ ရာခိုင်နှုန်း နီးပါးကို စုပေါင်း ထိန်းချုပ်ထားခဲ့တာ ဖြစ်ကြောင်း တွေ့ရှိခဲ့ပါတယ်။
အဲဒီလို ဈေးကွက်ကို ထိန်းချုပ်ပြီး ဈေးနှုန်း မြင့်တက်အောင် လုပ်မှု ကျူးလွန်သူတွေကို တရားရေးဌာနကလည်း ဥပဒေအရ ထပ်မံ အရေးယူဖွယ်ရှိတယ်လို့ သိရပါတယ်။
Ref:BBC

