ဝါရှင်တန်၊ အောက်တိုဘာ ၁၆
Fort Hood စစ်စခန်းမှာ လူ ၁၃ ဦး သေဆုံးခဲ့တဲ့ တိုက်ခိုက်မှု ကျူးလွန်သူ စစ်တပ် ဗိုလ်မှူးဟောင်း တစ်ဦးကို ကာကွယ်ရေးဝန်ကြီး ပိချ်ဟက်ဆေ့ချ်ရဲ့ သေနတ်ပစ် တပ်ဖွဲ့နဲ့ ကွပ်မျက် သတ်ဖြတ်မှုပုံ တိုက်ရိုက်ထုတ်လွှင့်ပြသမယ့် အစီအစဉ်ကို ရီပက်ဘလေကန်တွေ၊ ဘာသာရေး ခေါင်းဆောင်တွေနဲ့ အများပြည်သူ ကန့်ကွက်ခဲ့ကြပြီးနောက် အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ဖျက်သိမ်းလိုက်ပါတယ်။
ဒီဇင်ဘာ ၃ ရက်မှာ နီဒယ်လ် ဟာဆန်ကို သေနတ်ပစ် တပ်ဖွဲ့နဲ့ ကွက်မျက်သတ်ဖြတ်မှု တိုက်ရိုက် ထုတ်လွှင့် ပြသမယ့် အစီအစဉ်ကို ပြောင်းပြန်လှန်လိုက်တာက ထရန့်နဲ့ သမ္မတရဲ့ အရင်းနီးဆုံး မဟာမိတ်တွေထဲက တစ်ဦးဖြစ်တဲ့ ပင်တဂွန်အကြီးအကဲ ပိချ်တို့ကြား ရှားရှားပါးပါး လူသိရှင်ကြား သဘောထားကွဲလွဲမှု ဖြစ်ပါတယ်။
ဒါပေမဲ့ အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်က ကာကွယ်ရေး ဝန်ကြီး ဟက်ဆေ့ချ်နဲ့ ထရန့်တို့ နှစ်ဦးသား လုံးဝ လက်တွဲညီနေတယ်လို့ ပြောပါတယ်။
ဟာဆန်ရဲ့ ၂၀၀၉ ခုနှစ်က တိုက်ခိုက်တဲ့ နေရာ ဖြစ်တဲ့ တက္ကဆက် ပြည်နယ်ရှိ Fort Hood စစ်အခြေစိုက် စခန်းမှာ ကွပ်မျက်သတ်ဖြတ်မှုကို တိုက်ရိုက် ထုတ်လွှင့်ပြသမယ့် အစီအစဉ်တွေကို ဝန်ကြီး ဟက်ဆေ့ချ်က ကြေညာခဲ့ပါတယ်။
တရားဥပဒေဆိုင်ရာ ကွပ်မျက်သတ်ဖြတ်မှုကို တိုက်ရိုက်ထုတ်လွှင့်တာနဲ့ ရုပ်သံက ပြသတာဟာ တခြား ဘယ်နိုင်ငံမှာ မရှိသေးပါဘူး။
ထရန့်နဲ့ သူ့ရဲ့ အကြံပေး အရာရှိတွေက အဲဒီ တိုက်ရိုက် ထုတ်လွှင့်ပြသမယ့် အစီအစဉ်ကို သတိမပြုမိခဲ့ဘူးလို့ အိမ်ဖြူတော် အရာရှိ တစ်ဦးက အခြေအနေအရ အမည်မဖော်ဘဲ ပြောပါတယ်။
ဟာဆန်လို အကြမ်းဖက်သမားတွေကို အမေရိကန်က ဘယ်လို ဆက်ဆံတယ် ဆိုတာ မျက်မြင်တွေ့ရလို့ရှိရင် ကမ္ဘာကြီးက သိမြင်ရတဲ့အတွက် အားအကောင်းဆုံး အတားအဆီး တစ်ခု ဖြစ်မယ်လို့ ထင်ကြောင်း ထရန့်က ပြောထားပါတယ်။
ဒါပေမဲ့ အရမ်းကောင်းတဲ့ လူတွေ အများကြီးနဲ့ စေတနာထားတဲ့ လူတွေအနေနဲ့ အဲဒီလို တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ကြမှာ မဟုတ်ဘူးလို့ ထရန့်က လူမှုမီဒီယာမှာ ရေးပါတယ်။
သူဟာ စီစဉ်ထားတဲ့အတိုင်း သေနတ်ပစ် တပ်ဖွဲ့ရဲ့ ကွပ်မျက်မှုကြောင့် သေဆုံးရမှာ ဖြစ်ပြီး ဒီဖြစ်ရပ်ကို တိုက်ရိုက် ထုတ်လွှင့်မှာ မဟုတ်ဘူးလို့ ထရန့်က ပြောပါတယ်။
ဟာဆန်ကြောင့် သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်များအနေနဲ့ အဲဒီ ကွပ်မျက်မှုကို မျက်မြင် ကြည့်ချင်တယ်ဆိုရင် ကြည့်ရှုနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။
ဒုသမ္မတ ဂျေဒီ ဗန့်စ် အပါအဝင် ထရန့်ရဲ့ အပေါင်းအပါ ရီပက်ဘလေကန် တချို့အပြင် ဘာသာရေး ခေါင်းဆောင်တွေက ပင်တဂွန်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မယ့် အစီအစဉ်တွေကို အမျိုးမျိုး ပြစ်တင် ရှုတ်ချခဲ့ကြပါတယ်။
သဘောထား စစ်တမ်း ကောက်ယူမှုတွေက အဲဒီ ကွပ်မျက်မှုကို တိုက်ရိုက် ထုတ်လွှင့်ပြသမယ့် အစီအစဉ်အပေါ် အမေရိကန် နိုင်ငံသား အများစုက ဆန့်ကျင်ကြောင်း ဖော်ပြထားပါတယ်။
အမေရိကန် စစ်တပ်ရဲ့ ကက်သလစ် ဘုန်းတော်ကြီး တီမိုသီကလည်း အဲဒီ အစီအစဉ်ကို ကန့်ကွက်ခဲ့ပြီး ပုပ်ရဟန်းမင်းကြီး လီယိုက ကွပ်မျက် ပြစ်ဒဏ်ပေးမှု ပုံစံအားလုံးကို ပြစ်တင် ရှုတ်ချထားပါတယ်။
ဟာဆန်ကို ကိုယ်စားပြုတဲ့ အစိုးရ ရှေ့နေက အဲဒီ ကိစ္စနဲ့ ပတ်သက်လို့ မှတ်ချက် မပေးသေးပါဘူး။
ထရန့်က အစီအစဉ် ဖျက်သိမ်းကြောင်း မကြေညာခင် ဝန်ကြီး ဟက်ဆေ့ချ်နဲ့ ဆက်သွယ် ဆွေးနွေးခဲ့တယ်လို့ ပင်တဂွန်က ပြောပါတယ်။
အမေရိကန် စစ်တပ် စိတ်ရောဂါ ဆရာဝန်ဟောင်းဖြစ်သူ တရားခံ ဟာဆန်က ကြိုတင်ကြံစည်ပြီး ပစ်ခတ် သတ်ဖြတ်မှုကြောင့် လက်နက် ကိုင်မထားတဲ့ စစ်သား ၁၃ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဥပဒေဒစည်းကြပ်ရေး အရာရှိတွေရဲ့ ပစ်ခတ်မှုကြောင့် ဟာဆန် ခါးအောက်ပိုင်း အကြောသေပြီး ဆိုးဆိုးရွားရွား ဒဏ်ရာရသွားတာကြောင့် အခုအချိန်မှာ သူဟာ ဘီးတပ် ကုလားထိုင်နဲ့ နေနေရပါတယ်။
Ref:Reuters

