မော်လမြိုင်၊ အောက်တိုဘာ ၁၆
စစ်တပ် အသွင်းပြောင်း အစိုးရက ဘယ်လာရုစ်နိုင်ငံကနေ ချေးငွေယူဖို့ လွှတ်တော် အတည်ပြုပြီးနောက် ရွှေနဲ့ ဒေါ်လာဈေးနှုန်းတွေ ထိုးတက်လာပြီး ဒီကနေ့ အောက်တိုဘာ ၁၆ ရက်နေ့မှာတော့ စက်သုံးဆီဈေးနှုန်းပါ လိုက်တက်လာခဲ့ပါတယ်။
မနေ့က စစ်အစိုးရ ထုတ်ပြန်တဲ့ မွန်ပြည်နယ် စက်သုံးဆီဈေးနှုန်းဟာ 92 ဓာတ်ဆီ တစ်လီတာကျပ် ၄၈၆၀ ၊ 95 ဓာတ်ဆီ တစ်လီတာ ကျပ် ၅၀၅၀ ၊ ပရီမီယံ ဒီဇယ်ဆီ တစ်လီတာ ကျပ် ၅၆၈၅ ကျပ်သာ ရှိခဲ့ပါတယ်။
ဒါပေမယ့် ဒီကနေ့ အောက်တိုဘာ ၁၆ ရက်နေ့မှာတော့ 92 ဓာတ်ဆီ တစ်လီတာကျပ် ၄၉၆၅ ၊ 95 ဓာတ်ဆီ တစ်လီတာ ကျပ် ၅၁၁၅ ၊ ပရီမီယံ ဒီဇယ်ဆီ တစ်လီတာ ကျပ် ၅၇၃၀ အထိ တစ်လီတာကို ကျပ် ၇၀ နီးပါး ဈေးနှုန်း လိုက်တက်လာခဲ့ပါတယ်။
တစ်ဒေါ်လာ ကျပ် ၄၇၅၀ အထိ ဈေးနှုန်းထိုးတက်ခဲ့တဲ့ အမေရိကန် ဒေါ်လာဈေးနှုန်းဟာ ဒီကနေ့မှာတော့ စစ်အစိုးရရဲ့ အဖမ်းဆီးမှုတွေကြောင့် တစ်ဒေါ်လာ ကျပ် ၄၆၅၀ အထိ အနည်းငယ် ပြန်လည်ကျဆင်းခဲ့ပါတယ်။
တစ်ကျပ်သား ကျပ် သိန်း ၁၀၀ ဝန်းကျင်မှာသာ ရှိခဲ့တဲ့ ပြည်တွင်း မီးလင်းအခေါက် ရွှေဈေးကတော့ တစ်ကျပ်သားကို ကျပ် ၁၀၃ သိန်းဝန်းကျင်နဲ့ အမြင့်ဈေးမှာပဲ ဆက်ရှိနေပါတယ်။
ငွေကြေးလေ့လာသုံးသူတွေကတော့ ရွှေနဲ့ဒေါ်လာဈေးနှုန်း မြင့်တက်မှုဟာ စစ်အစိုးရက ဘတ်ဂျက်လိုငွေဖြည့်ဆည်းဖို့ ဘယ်လာရုစ်နိုင်ငံကနေ ကျပ် ၂၁၀၀ ဘီလီယံချေးငွေရယူဖို့ လွှတ်တော်ရဲ့ အတည်ပြုချက်ကြောင့် ဈေးကွက် ကမောက်ကမ ဖြစ်သွားတာလို့ ဆိုကြပါတယ်။
ရွှေဈေးနဲ့ ဒေါ်လာဈေး မြင့်တက်လာတာကြောင့် စစ်အစိုးရကတော့ နာမည်ကြီးတဲ့ လုပ်ငန်းရှင်တချို့ကို လိုက်လံဖမ်းဆီးမှုတွေ လုပ်ဆောင်နေပြီး ဈေးကွက် မတည်ငြိမ်မှုတွေ ဆက်ရှိနေတယ်လို့ လုပ်ငန်းရှင်အသိုင်းအဝိုင်းထံကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

