ပက်ရှဝါ ၊ အောက်တိုဘာ ၁၆

ပါကစ္စတန် အနောက်မြောက်ပိုင်း ပက်ရှဝါမြို့ရှိ စာသင်ကျောင်း တစ်ကျောင်းရဲ့ ခေါင်မိုး အောက်တိုဘာ ၁၅ ရက်က ပြိုကျမှုကြောင့် သေဆုံးသူ ၃၃ ဦးအထိ ရှိလာပြီး အဆောက်အဦ ပိုင်ရှင်ကို ဖမ်းဆီးထားပါတယ်။

သေဆုံးသူ ၃၂ ဦးဟာ အသက် ၁၄ နှစ်အောက် ပိုငယ်တဲ့ ကျောင်းသား အများစု ဖြစ်ပြီး ဆရာမ တစ်ဦး ပါဝင်ကြောင်း ပြောဆိုပြီး အဆောက်အဦ ယိုယွင်းပျက်စီးနေတာကြောင့် ဖြစ်ရတာလို့ အရာရှိတွေက အပြစ်တင်ထားပါတယ်။

အပျက်အစီးတွေအောက် ပိတ်မိနေတဲ့ ကလေးတွေကို ဒေသခံတွေနဲ့ ကယ်ဆယ်ရေးသမားတွေ ကတိုက်ကရိုက် ဆွဲထုတ်ခဲ့ရပြီး ဆေးရုံတင်ထားရတဲ့ ကျောင်းသား နောက်ထပ် ၂၀ ကျော် ရှိကြောင်း သိရပါတယ်။

လူနေထူထပ်တဲ့ အဲဒီ ဒေသက ဒေသခံတွေကတော့ အဲဒီ စာသင်ကျောင်းကို ပိတ်သိမ်းပစ်ဖို့ တောင်းဆိုထားကြပါတယ်။

အဲဒီ ကျောင်းမှာ တက်နေတဲ့ မိမိရဲ့ တူမ ဖြစ်သူ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး အိမ်ကိုပြန်ရောက်လာမှ စာသင်ကျောင်း ခေါင်မိုး ပြိုကျကြောင်း သိခဲ့ရတယ်လို့ ဆိုဟေးလ်ဆိုသူက ပြောပါတယ်။

ခေါင်းမိုးပြိုကျသွားတဲ့ စာသင်ကျောင်းသို့ ရောက်သွားချိန်မှာ အပျက်အစီးတွေအောက် ပိတ်မိနေတဲ့ ကလေး ၁၀ ဦးကနေ ၁၅ ဦးအထိ မြင်တွေ့ခဲ့ရပြီး အပျက်အစီးတွေဟာ သူတို့ရဲ့ လည်ပင်းလောက်အထိ ရှိနေတာကြောင့် သူတို့ကို အလျင်အမြန် ဆွဲထုတ်ခဲ့ရတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၅ ရက်အထိ သေဆုံးသူ ၃၃ ဦးအထိ ရှိလာကြောင်း သေဆုံးသူ အများစုဟာ ၄ နှစ်နဲ့ ၁၄ နှစ်ကြား အရွယ်တွေ ဖြစ်ပြီး ဆရာမ တစ်ဦးလည်း သေဆုံးကြောင်း ပက်ရှဝါမြို့ ဆေးရုံ တာဝန်ရှိသူက ပြောပါတယ်။

ဆေးရုံတင်ထားရတဲ့ ကျောင်းသား အများစုကို ဆေးရုံက ဆင်းခွင့် ပေးလိုက်ပြီ ဖြစ်ပါတယ်။

ဦးခေါင်း ဒဏ်ရာရထားတဲ့ ကလေး ၃ ဦးကတော့ ဆေးကုသမှု ဆက်လက်ခံယူနေဆဲ ဖြစ်တယ်လို့ ဆေးဖက်ဆိုင်ရာ အရာရှိတွေက ပြောပါတယ်။

ခေါင်းမိုး ပြိုကျပြီးနောက် ကျောင်သားလေးတွေ ကျိုးကြေပြီး ပိတ်မိနေခဲ့တာ ဖြစ်တယ်လို့ ခိုင်ဘာ ကပ်ခ်တွန်ခွါ ပြည်နယ် အရေးပေါ် ကယ်ဆယ်ရေး ဌာန ပြောရေးဆိုခွင့် ရှိသူက ပြောပါတယ်။

အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့ ရောက်ရှိလာချိန်မှာ စာသင်ကျောင်းရဲ့ ပြိုကျနေတဲ့ ခေါင်မိုး တစ်ခုပေါ်ကို နောက်ထပ် ခေါင်မိုး တစ်ခု ပြိုကျနေတာ တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

အဆောက်အဦ ဆောက်လုပ်ထားပုံ အားနည်းတာကြောင့် ခေါင်မိုး ပြိုကျတာ ဖြစ်တယ်လို့ ကနဦး သတင်းတွေမှာ ဖော်ပြကြပါတယ်။

စာသင်ကျောင်း ပိုင်ရှင်ကို ဖမ်းဆီးထားကြောင်း အဲဒီ အရာရှိက အမည်မဖော်ဘဲ ပြောပါတယ်။

ဆေးရုံကနေ အဝတ်တွေနဲ့ ပတ်ထားတဲ့ အလောင်းတွေကို သယ်ထုတ်နေတာတွေ့ရပြီး အလောင်းတွေ ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း ဖော်ထုတ်ရေး စေတနာ့ ဝန်ထမ်းတွေက ကူညီပေးခဲ့ကြပါတယ်။

ဝန်ကြီးချုပ် ရှီဘတ်စ် ရှာရစ်ဖ်က တန်ဖိုးရှိတဲ့ အသက်တွေ အများကြီး ဆုံးရှုံးလိုက်ရတဲ့အတွက် များစွာ ဝမ်းနည်း ပူဆွေးမိကြောင်း ပြောထားပါတယ်။

ပါကစ္စတန်မှာ အဆောက်အဦတွေ ပြိုကျမှုဟာ ကြုံနေကျ ဖြစ်ပြီး ဘေးကင်းရေးနဲ့ ဆောက်လုပ်ရေး စံချိန်စံညွှန်း လိုက်နာမှု အားနည်းတာကြောင့် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကလည်း လာဟိုးမြို့မှာ ကျူရှင် စင်တာ တစ်ခုရဲ့ ခေါင်မိုး ပြိုကျပြီး ကလေး တစ်ဒါဇင်ကျော် သေဆုံးခဲ့ရပါတယ်။

၂၀၂၅ ခုနှစ်ကလည်း ကရာချီမြို့မှာ ငါးထပ် အဆောက်အဦး တစ်ခု ပြိုကျပြီး ၂၇ ဦး သေဆုံးခဲ့သလို ၁၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.