ဒီလီ၊ အောက်တိုဘာ ၁၅
အိမ်နီးချင်း အင်ဒိုနီးရှားမှာ လောင်ကျွမ်းနေတဲ့ တောမီးတွေကြောင့် ထူထဲတဲ့ မီးခိုးမြူတွေ လွင့်မျောလာတဲ့အတွက် အရှေ့တီမောက အောက်တိုဘာ ၁၅ ရက်က စတင်ပြီး စာသင်ကျောင်းတွေကို သုံးရက်ကြာ ပိတ်ထားလိုက်ပါတယ်။
မြို့တော် ဒီလီမှာ အဝါရောင် ပြောင်းလဲနေတဲ့ ကောင်းကင်အောက် လူတွေ ပုံမှန် အပြင်ထွက်နေကြပေမယ့် အများစုက နှာခေါင်းစည်းတွေ တပ်ဆင်ထားကြပါတယ်။
စာသင်ကျောင်းတွေကို ပိတ်ထားမှာ ဖြစ်ကြောင်း စောစောပိုင်း တစ်ရက်ကတည်းက အစိုးရက အကြံပေးထားခဲ့တာ ဖြစ်ပါတယ်။
ဒေသခံတွေက အဲဒီ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ကြပေမယ့် လေထု ညစ်ညမ်းမှုဟာ အခု သီတင်းပတ် စောစောပိုင်းကထက် ပိုမို ဆိုးရွားနေခဲ့တယ်လို့ ဆိုပါတယ်။
အင်ဒိုနီးရှားမှာ ခြောက်သွေ့တဲ့ ရာသီအတွင်း ပုံမှန်ဆိုသလို တောမီး လောင်ကျွမ်းလေ့ရှိပေမယ့် ဒီနှစ် မီးလောင်ကျွမ်းမှုဟာ အယ်လိနီညို ရာသီဥတုကနေ ဖြစ်ပေါ်လာတဲ့ မိုးခေါင်ရေရှားမှုကြောင့် ပိုပြီး ပြင်းထန် နေပါတယ်။
တောမီးတွေဟာ သစ်တော ဟက်တာ ထောင်ပေါင်းများစွာနဲ့ ဆူမတြား၊ ဘော်နီယိုနဲ့ ပါပူအာတို့ရှိ စိုက်ခင်းတွေကို ဖြတ်သန်း လောင်ကျွမ်းနေတာ ဖြစ်ပါတယ်။
အဲဒီ တောမီးတွေကြောင့် မလေးရှား၊ ဖိလစ်ပိုင်နဲ့ အရှေ့တီမော အပါအဝင် ဒေသတွင်း လေထုညစ်ညမ်းမှု ပိုမို ဆိုးရွားလာနေပါတယ်။
လက်ရှိ လေထု အရေအသွေး အခြေအနေတွေအရ ကျောင်းသားတွေ၊ ဆရာ၊ဆရာမတွေနဲ့ တခြား ပညာရေးဝန်ထမ်းတွေရဲ့ ကျန်းမာရေးကို ကာကွယ်ရေး စာသင်ကျောင်းတွေ ပိတ်ထားဖို့ လိုအပ်တယ်လို့ အရှေ့တီမော အစိုးရက အောက်တိုဘာ ၁၄ ရက်မှာ ပြောပါတယ်။
ကလေးငယ်တွေကို အဆောက်အဦတွေထဲမှာပဲ ထားကြဖို့ မိသားစုတွေကို တိုက်တွန်းထားပြီး နိုင်ငံသားတွေအနေနဲ့ အပြင်ထွက်ရင် နှာခေါင်းစည်း တပ်ကြဖို့ အစိုးရက တိုက်တွန်းထားပါတယ်။
အရှေ့တီမောမှာ လေထု ညစ်ညမ်းမှု အခြေအနေက အရမ်း အန္တရာယ်များတဲ့ အခြေအနေ ဖြစ်နေပြီး လူတွေကို နာမကျန်း ဖြစ်စေနိုင်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။
Ref:AFP

