လန်ဒန်၊ အောက်တိုဘာ ၁၅

ဟောမု့ဇ် ရေလက်ကြားအနီး သီးခြား ဖြစ်ရပ်တွေအတွင်း အမျိုးအမည် မသိ လက်နက်ကျည်တွေ ထိမှန်ပြီးနောက် ကုန်တင်သင်္ဘော တစ်စီးနဲ့ ကုန်ပစ္စည်း အခြောက်တင် သင်္ဘော တစ်စီး နစ်မြုပ်သွားကြောင်း ရေကြောင်း အရာရှိတွေက အောက်တိုဘာ ၁၄ ရက်မှာ ပြောပါတယ်။

ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း ဟောမု့ဇ် ရေလမ်းကြောင်းတဝိုက် တိုက်ခိုက်မှုတွေ ပိုများလာပြီး အီရန်က သူတို့ရဲ့ ဆိပ်ကမ်းတွေကို အမေရိကန်က ပိတ်ဆို့ထားမှုကို တုံ့ပြန်တဲ့အနေနဲ့ တိုက်ခိုက်မှုတွေ အရှိန်မြှင့်ထားတယ်လို့ ဆိုပါတယ်။

အမေရိကန်က အီရန်အပေါ် ပြီးခဲ့တဲ့လက ပိုမို ပြင်းထန်တဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပြုလုပ်ထားပါတယ်။

စင်ကာပူ အလံစိုက်ထူထားတဲ့ ကုန်တင် သင်္ဘောငယ် တစ်စီး ရေလက်ကြားကို ဖြတ်သန်းချိန် တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ကြောင်း ရေကြောင်းလုံခြုံရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

အဲဒီ သင်္ဘောပေါ်မှာ ထိခိုက်ပျက်စီးမှုနဲ့ မီးလောင်မှုဖြစ်ပြီး နစ်မြုပ်သွားခဲ့တာ ဖြစ်ပါတယ်။

သင်္ဘော အမှုထမ်း ၂၁ ဦးစလုံးကို ဘေးကင်းရာ ပြောင်းရွှေ့ပေးနိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ စင်ကာပူ ရေကြောင်းနဲ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒီ သင်္ဘောဟာ အောက်တိုဘာ ၁၃ ရက်က ဟောမု့ဇ် ရေလက်ကြားကနေ ဖြတ်သန်းခဲ့တာ ဖြစ်တယ်လို့ ကြေညာချက်မှာ ရေးပါတယ်။

သီးခြား ဖြစ်ရပ် တစ်ခုအတွင်း အန်တီဂွါနဲ့ ဘာဘူဒါအလံ စိုက်ထူထားတဲ့ သင်္ဘော တစ်စီးလည်း ရေလက်ကြားအနီး နစ်မြုပ်သွားခဲ့ပါတယ်။

အဲဒီ သင်္ဘောဟာ စက်တင်ဘာ ၂၃ ရက်က အမျိုးအစား မသိရတဲ့ ကျည်ထိမှန်ပြီး သီတင်းပတ် များစွာအကြာမှာ နစ်မြုပ်သွားခဲ့တာ ဖြစ်ပါတယ်။

သင်္ဘော အမှုထမ်း တစ်ဦး သေဆုံးခဲ့ပြီး ကျန် သင်္ဘောသားတွေကို ဘေးကင်းရာသို့ အချိန်မီ ပြောင်းရွှေ့ပေးနိုင်ခဲ့တယ်လို့ နိုင်ငံတကာ ရေကြောင်း အဖွဲ့အစည်းက ပြောပါတယ်။

စီးပွားဖြစ် သင်္ဘော လမ်းကြောင်းအတွင်း အန္တရာယ်တွေ ပိုပြီး သိသိသာသာ အရှိန်မြင့်တက်လာတာကြောင့် ရေလမ်းကြောင်း လုံခြုံရေးနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ပိုများလာပါတယ်။

အီရန် စစ်ပွဲ မတိုင်ခင် အဲဒီ ရေလမ်းကြောင်းကနေ ကမ္ဘာကြီးအတွက် လိုအပ်နေတဲ့ လောင်စာ ငါးပုံ တစ်ပုံ ဖြတ်သန်းနေခဲ့တာ ဖြစ်ပါတယ်။

အီရန်က ရေလက်ကြား ပိတ်ဆို့ထားမှုကို ပိုမို တင်းကြပ်ဖို့ ကြိုးပမ်းနေပြီး အမေရိကန်က အီရန် ဆိပ်ကမ်းတွေ အားလုံးကို ရေတပ်နဲ့ ပိတ်ဆို့ထားပါတယ်။

အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲအပေါ် သက်ရောက်မှု ရှိစေစေရး ရေနံဈေးပိုမို မြင့်တက်လာစေရေး အီရန်က ရေလက်ကြားကနေ ဖြတ်သန်းသွားတဲ့ သင်္ဘောတွေကို တိုက်ခိုက်မှု နည်းလမ်းတွေ ပြောင်းလဲထားတယ်လို့ အီရန် အကြီးတန်း အရာရှိ နှစ်ဦးက ပြောထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.