မော်လမြိုင်၊ အောက်တိုဘာ ၁၅

နိုင်ငံတဝန်းမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှု စံချိန်တင် မြင့်တက်လာပြီး စက်တင်ဘာလ တစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၆၅၀ ကျော် ကျူးလွန်ခဲ့တယ်လို့ သုတေသနအဖွဲ့ဖြစ်တဲ့ မြန်မာ့ကာကွယ်ရေးနဲ့ လုံခြုံရေးရာ အင်စတီကျု MDSI ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ တစ်လအတွင်း နိုင်ငံတဝန်းမှာ အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ၁၇၅ ခုနဲ့ အကြိမ်ရေ ၆၅၀ကျူးလွန်ခဲ့ကာ ပြီးခဲ့တဲ့လထက် လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ မြင့်တက်လာတာပါ။

အဲဒီထဲမှာ ကချင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၃၁၂ ကြိမ် ပြုလုပ်ခဲ့ပြီး တစ်နိုင်ငံလုံးရဲ့ တစ်ဝက်နီးပါး ရှိခဲ့ပြီး ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကရင်နီပြည်နယ်တွေမှာ အရပ်ဘက် နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ MDSI က ဆိုပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အဲဒီဒေသ ၄ ခုက အပြစ်မဲ့ အရပ်သားပြည်သူ ၁၄၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၁၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စက်တင်ဘာလအတွင်း ရခိုင်ပြည်နယ် ကျောက်တော် လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်မှာ အရပ်သား ထိခိုက်သေဆုံးမှု အများဆုံးဖြစ်ခဲ့ပြီး နေပြည်တော်လေတပ်စခန်းမှ Yak-130 နှစ်စီး အသုံးပြုပြီး တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းကလည်း နိုင်ငံတဝန်းမှာ အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၃၁၂ ကြိမ် ကျူးလွန်ခဲ့ပြီး အပြစ်မဲ့ အရပ်သားပြည်သူ ၉၆ ဦး သေဆုံးခဲ့ကာ ၂၃၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.