ကျိုက်ထို၊ အောက်တိုဘာ ၁၅

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နဲ့ဘီးလင်းမြို့နယ်တို့မှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသူ ၈ ဦးအထိ ရှိလာတယ်လို့ KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့က ကျိုက်ထိုမြို့နယ် ငှက်ပျောတောကျေးရွာမှာ တိုက်ပွဲမရှိဘဲ လေကြောင်းကနေ ဒရုန်းနှစ်စီးနဲ့ ဗုံး သုံးလုံး လာရောက်ကြဲချသွားတာပါ။

ဒရုန်းနဲ့ဗုံးကြဲမှုကြောင့် ငှက်ပျောတောကျေးရွာမှာ စက်သုံးဆီ ရောင်းဝယ်ရေး လာရောက်လုပ်ကိုင်နေတဲ့ ကင်ပွန်းချောင်းကျေးရွာနေ အသက် ၄၃ နှစ်အရွယ်တွေဖြစ်တဲ့ ဦးမင်းဇော်နဲ့ ဇနီးဖြစ်သူ ဒေါ်စန္ဒာမင်း၊ ညီဖြစ်သူ အသက် ၂၁ အရွယ် မောင်ဇွဲဇင်ဖြိုးတို့ ထိမှန်သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့ကလည်း အာဏာသိမ်း စစ်တပ်ဟာ ဘီးလင်းမြို့နယ် အလူးကြီးကျေးရွာမှာ တိုက်ပွဲမရှိဘဲ ဂျက်ဖိုက်တာ တိုက်လေယာဉ်နဲ့ လေကြောင်းကနေ ဗုံးကြဲသွားတာ ဖြစ်ပါတယ်။

လေကြောင်းဗုံးကြဲမှုကြောင့် အလူးကြီးကျေးရွာနေ အသက် ၁၃ နှစ်အရွယ် စောနိုင်လင်းအောင်၊ အသက် ၇၀ အရွယ်တွေဖြစ်တဲ့ ဦးခင်ဦးနဲ့ ဦးကြာပေါ်၊ အသက် ၄၀ အရွယ်တွေဖြစ်တဲ့ နော်မိငယ်နဲ့ နော်မိစန်းကြည်တို့ သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် အလူးကြီးကျေးရွာနေ အသက် ၆ နှစ်အရွယ် ကလေးငယ် တစ်ဦးအပါအဝင် အရပ်သားပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၃ လုံး ထိမှန်ပျက်စီးခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်ကတော့ စစ်တပ်ရဲ့ ဗုံးကြဲမှုဟာ တိုက်ပွဲမရှိဘဲ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ အစုံလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်နေတာလို့ ဆိုပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ အခုလ အောက်တိုဘာလဆန်းပိုင်းကစလို့ ကျိုက်ထိုနဲ့ဘီးလင်းမြို့နယ်တို့မှာ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

စစ်တပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်းဗုံးကြဲမှုကြောင့် ကျိုက်ထိုနဲ့ဘီးလင်းမြို့နယ်တို့က ကျေးရွာပေါင်း ၁၀ ရွာထက်မနည်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ KNU သထုံခရိုင်ထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.