NCA နှစ်ပတ်လည်နေ့မှာ ရေးချောင်းဖျားဒေသကို စစ်တပ်ဗုံးထပ်ကြဲ

ရေး၊ အောက်တိုဘာ ၁၆

NCA နှစ်ပတ်လည်နေ့မှာ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ရေးချောင်းဖျားဒေသကို အာဏာသိမ်း စစ်တပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး နှစ်လုံး လာရောက်ကြဲချသွားတယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ အောက်တိုဘာ ၁၅ ရက်နေ့ မနက် ၁ နာရီခွဲအချိန်လောက်မှာ မွန်ပြည်နယ် ရေးမြို့နယ် ရေးချောင်းဖျားဒေသ ကင်ပွန်းကျေးရွာရဲ့ အနောက်ဘက်ခြမ်းကို လေကြောင်းကနေ ဗုံးကြဲသွားတာ ဖြစ်ပါတယ်။

လေကြောင်းဗုံးကြဲမှုကြောင့် လူထိခိုက်ဒဏ်ရာရတာ မရှိနေပေမယ့် ရေးချောင်းဖျားဒေသ အများစု နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

နယ်မြေခံ သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ အာဏာသိမ်း စစ်တပ် လေကြောင်းဗုံးကြဲသွားတဲ့ နေရာဟာ အရင်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း(၂၇) လေ့ကျင့်ရေးကွင်းဟောင်း နေရာ ဖြစ်နေတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးတဲ့ ၁၁ နှစ်ပြည့် နှစ်ပတ်လည်နေ့လည်း ဖြစ်ပါတယ်။

နေပြည်တော်မှာ ပြုလုပ်တဲ့ NCA နှစ်ပတ်လည်နေ့ အခမ်းအနားကိုတော့ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်ဆောင်မှုအဖွဲ့ နိုင်အောင်မငေး ဦးဆောင်တဲ့အဖွဲ့က တက်ရောက်ခဲ့ပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ အခုနှစ်အတွင်း မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ရေးချောင်းဖျားဒေသကို သုံးကြိမ်ထက်မနည်း ဗုံးကြဲထားပါတယ်။

ပြီးခဲ့တဲ့ မေ ၂၇ ရက်နေ့ ရေးချောင်းဖျားဒေသရှိ ကင်ပွန်းကျေးရွာအနီးက ရေးဘီလူးစခန်းဌာနချုပ် လေကြောင်းကနေ ဗုံးကြဲခံရတာကြောင့် ရေးဘီလူးတပ်ဖွဲ့ဝင် ၁၀ ဦး ကျော် သေဆုံးခဲ့ပြီး ဒေသခံတွေ အချိန်နှစ်ပတ်ကျော်အကြာ စစ်ရှောင်ခဲ့ရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.