မော်လမြိုင် ၊ အောက်တိုဘာ ၁၆
မွန်ပြည်နယ်ရဲ့ မြို့တော် မော်လမြိုင်မြို့မှာ စည်ပင်သာယာရေးအဖွဲ့က အမှိုက်သိမ်း လုပ်ငန်းကို အပြည့်အဝ မလုပ်နိုင်တဲ့ အတွက် ပုဂ္ဂလိက လုပ်ငန်းရှင်တွေ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ စစ်တပ် အသွင်ပြောင်းအစိုးရ ဖိတ်ခေါ်ထားပါတယ်။
အမှိုက်သိမ်းဆည်းရေး ဝန်ဆောင်မှု လုပ်ငန်းတွေကိုတော့ မော်လမြိုင်မြို့ရဲ့ မြို့ပေါ် ရပ်ကွက်တွေမှာ လုပ်ဆောင်ရမှာ ဖြစ်ပြီး အမှိုက်သိမ်း ဝန်ဆောင်မှု လုပ်ငန်းကို ကိုယ်ပိုင် ရင်းနှီးမြှုပ်နှံမှုနဲ့ ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
ကိုယ်ပိုင် ရင်းနှီးမြှုပ်နှံမှုနဲ့ ဆောင်ရွက်ဖို့ စိတ်ဝင်စားတဲ့ မြန်မာနိုင်ငံသား လုပ်ငန်းရှင် ကုမ္ပဏီတွေအနေနဲ့ အောက်တိုဘာ ၁၆ ရက်နေ့ကနေ အောက်တိုဘာ ၃၀ ရက်နေ့အထိ စိတ်ဝင်စားမှု အဆိုပြု လျှောက်လွှာ ရောင်းချပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီအဆိုပြု လျှောက်လွှာတွေကိုတော့ တစ်စောင်လျှင် ကျပ်ငါးသောင်းနဲ့ ပေးဝယ်ရမှာ ဖြစ်ပြီး အဆိုပြု လျှောက်လွှတွေကို လာမယ့် နိုဝင်ဘာ ၁၂ ရက်နေ့ နောက်ဆုံးထား တင်သွင်းရမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အဆိုပြုလွှာ ဖိတ်ခေါ်တဲ့ နေရာမှာတော့ ယှဉ်ပြိုင်တဲ့ ကုမ္ပဏီကသာ သိစေအပ်တဲ့ အသေးစိတ် အချက်အလက်တွေကို အခြား လူပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်းကို ထုတ်ဖော် ပြောဆိုတာ မပြုပါကြောင်း သဘောတူညီချက် တင်ပြမှသာ လျှောက်လွှာ ရောင်းချပေးမယ်လို့ ဆိုပါတယ်။
ကိုယ်ပိုင် ရင်းနှီးမြှုပ်နှံမှုနဲ့ ဆောင်ရွက်မယ့် အမှိုက်သိမ်းဆည်းရေး ဝန်ဆောင်မှု လုပ်ငန်း အဆိုပြု လျှောက်လွှာတွေကိုတော့ မွန်ပြည်နယ် စည်ပင်သာယာရေး အဖွဲ့ရုံးမှာ ဝယ်ယူရမှာ ဖြစ်ပြီး အဆိုပြုလွှာ ဖွင့်မယ့် ရက်ကိုတော့ အဆိုပြုလွှာ တင်သူတွေထံ ထပ်မံ အကြောင်းကြားပေးမယ်လို့ ထုတ်ပြန်ထားတာပါ။
မော်လမြိုင်မြို့ခံ တစ်ဦးကတော့ စည်ပင်ရဲ့ အမှိုက်သိမ်းမှုဟာဆိုရင် တစ်ပတ်မှာ တစ်ရက် လောက်သာ လာပြီး မလာတဲ့ အပတ်တွေ ရှိသလို သူတို့ကို ပိုက်ဆံ ပေးပြီး ဖုန်းဆက် ခေါ်တဲ့ သူတွေကိုတော့ လာပေးတာ ရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“တစ်ပတ်မှာ ဗုဒ္ဓဟူးနေ့ တစ်ရက်ပဲ လာတယ်။ ပြီးသွားတဲ့ အပတ်ကဆို ဗုဒ္ဓဟူးနေ့တောင် မလာဘူး။ မနေ့ကတောင်မှ စည်ပင်ကား လာတယ်ဆိုပြီးတော့ လူတွေက ကြားရက်ကြီး ဆိုပြီးတော့ ဗုဒ္ဓဟူး မလာလို့ ကြာသပတေး လာတယ် ဆိုပြီးတော့ အားလုံး လမ်းမှာ ထွက်စောင့်နေတယ်။သူတို့က ဖုန်းဆက် ထားတဲ့ဆီကို သွားတယ်၊ အဲဒီက ရှိသမျှ အမှိုက်တွေ တင်ပြီးတော့ ဒီတိုင်းပဲ လစ်သွားလိုက်တယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် စည်ပင်ရဲ့ တချို့ အမှိုက်သိမ်းကားတွေဟာ သူတို့ကို ပိုက်ဆံပေးတဲ့ သူတွေရဲ့ အမှိုက်တွေကိုသာ သိမ်းဆည်းပေးပြီး ကျန်တဲ့သူတွေကိုတော့ အမှိုက်ကား ပြည့်သွားပြီး ဆိုတဲ့ အကြောင်းပြချက်နဲ့ သိမ်းဆည်းပေးတာ မရှိဘူးလို့ သူကဆက်ပြောပါတယ်။
မော်လမြိုင်မြို့ စည်ပင်သာယာရေး အဖွဲ့ကတော့ မော်လမြိုင်မြို့မှာ အမှိုက်သိမ်း လုပ်ငန်းကို အမှိုက်သိမ်းကား ၂၂ စီး၊ အမှိုက်သိမ်း လုပ်သား ၁၅၁ ဦးနဲ့ လုပ်ဆောင် နေရပြီး အဲဒီထဲက အမှိုက်သိမ်းကား ၆ စီး ပျက်နေတယ်လို့ ပြီးခဲ့တဲ့ မေလ အတွင်းက လူထုနဲ့ တွေ့ဆုံစဉ် ပြောဆိုခဲ့တာပါ။
မော်လမြိုင်မြို့နယ်ဟာ ၂၀၂၄ ခုနှစ်က ကောက်ယူထားတဲ့ လူဦးရေနှင့် အိမ်အကြောင်းအရာ၊ သန်းခေါင်စာရင်းအရ လူဦးရေ သုံးသိန်း ဝန်းကျင် ရှိနေပြီး လက်ရှိ စည်ပင် အမှိုက်သိမ်း လုပ်သား အရေးအတွက်နဲ့ အချိုးကျပါက စည်ပင် လုပ်သား တစ်ဦး ဟာ လူပေါင်း ၂၀၀၀ ဝန်းကျင်ရဲ့ အမှိုက်တွေကို သိမ်းနေရတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

