အာဆီယံထဲ ပြန်လည်ဝင်ဆံ့နိုင်ရေး အာဆီယံရေးရာ ကော်မတီကို စစ်အစိုးရ ဖွဲ့စည်း

နေပြည်တော် ၊ အောက်တိုဘာ ၁၆

အာဆီယံအသိုင်းအဝိုင်းထဲ ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် ကြိုးပမ်းနေတဲ့ စစ်အစိုးရက မြန်မာ့ကိုယ်ပိုင်နည်းလမ်းတွေနဲ့ အခွင့်အရေးတွေ ပြန်လည်ရရှိဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဦးဆောင်တဲ့ အာဆီယံရေးရာကော်မတီကို ဖွဲ့စည်းလာပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က အာဆီယံနဲ့ ဆက်ဆံရေးတိုးတက်စေဖို့ မြန်မာ့ကိုယ်ပိုင်နည်းလမ်းနဲ့ လုပ်ဆောင်သွားမယ်လို့ မလေးရှားခရီးစဉ်မှာ ထုတ်ပြောခဲ့ပြီး‌နောက် အခုလို ကော်မတီဖွဲ့စည်းလာတာပါ။

လေ့လာသူတွေကတော့ တစ်ကမ္ဘာလုံးက နိုင်ငံ့ခေါင်းဆောင်တွေကို အသိအမှတ်ပြုထားကြတဲ့ ကုလသမဂ္ဂမှာ စစ်အစိုးရဘက်က နေရာရဖို့ အာဆီယံရဲ့ နိုင်ငံရေးအရ အသိအမှတ်ပြုမှု ရမှသာ ရပ်တည်နိုင်မှာဖြစ်လို့ အခုလို ကြိုးပမ်းတာလို့ သုံးသပ်ကြပါတယ်။

အာဆီယံရေးရာကော်မတီမှာ နိုင်ငံခြားရေး ၊ သမ္မတရုံး၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ ပြန်ကြားရေး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး စတဲ့ ဝန်ကြီးဌာနတွေနဲ့ ဖွဲ့စည်းထားပြီး အောက်တိုဘာ ၁၃ ရက်နေ့မှာ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။

အဲဒီ အစည်းအဝေးမတိုင်ခင် တစ်ရက်အလိုမှာ ကာကွယ်ရေးဝန်ကြီးအဖြစ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးဆောင်နေတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ လူကယ်ပြန် ဝန်ကြီးအဖြစ် ဗိုလ်ချုပ်ဟောင်း ဒေါက်တာ ကိုကိုလွင်တို့ကို ခန့်အပ်နိုင်ဖို့ ပြည်ထောင်စုလွှတ်တော်မှာ အဆိုပြုခဲ့တာပါ။ လက်ရှိမှာ သူတို့နှစ်ဦးကို အတည်ပြုခန့်အပ်ကြောင်း စစ်အစိုးရက ကြေညာထားပြီး ဖြစ်ပါတယ်။

အာဏာသိမ်း စစ်တပ်အနေနဲ့ အရပ်သားအသွင်ပြောင်း စစ်အစိုးရအအဖြစ် ဖွဲ့စည်းထားတာ သက်တမ်း ၆ လ ပြည့်တော့မယ့်အနေအထားမှာ အာဆီယံနဲ့ သံတမန်ရေးအရ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးကို တည်ဆောက်ပြီး အသိအမှတ်ပြုမှု ရရှိလာအောင် အရေးပါတဲ့ ဝန်ကြီးဌာနတွေ လူယုံတွေနဲ့ ကော်မတီဖွဲ့တာလို့ နားလည်ရပါတယ်။

ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေကလည်း မြန်မာနိုင်ငံအနေနဲ့ အာဆီယံနဲ့ ပုံမှန်ထိတွေ့ဆက်ဆံနေတဲ့ လမ်းကြောင်းအပြင် အာဆီယံနဲ့ ဆက်သွယ်ဆောင်ရွက်မယ့် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီး ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်သွားဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

အာဆီယံအနေနဲ့ ၂၀၂၁ နောက်ပိုင်း မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံမှုတွေရှိခဲ့ပေမယ့် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအနေနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီလက်ထက်မှာ ချမှတ်ခဲ့တဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နဲ့အညီ အကောင်အထည်ဖော်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ အမျိုးသားအကျိုးစီးပွားကို ထိခိုက်မှုမရှိစေဘဲ အဖြစ်နိုင်ဆုံး ဆောင်ရွက်ခဲ့တာဖြစ်ပြီး အာဆီယံနဲ့ ဆက်ဆံရာမှာ တစ်နိုင်ငံချင်းအလိုက် ဦးစားပေးအဆင့်လိုက် ထိတွေ့ဆက်ဆံနေတယ်လို့ ညှိနှိုင်းအစည်းအဝေးမှာ သူက ထည့်ပြောခဲ့တာပါ။

ကော်မတီမှာ ပါဝင်နေကြတဲ့ အဖွဲ့ဝင်တွေနဲ့ ကိုယ်စားလှယ်တွေကလည်း အာဆီယံအတွင်း မြန်မာနိုင်ငံရဲ့ မူလအခန်းကဏ္ဍနဲ့ အခွင့်အရေးကို ပြန်လည်ထိန်းသိမ်းရာမှာ မြန်မာ့ကိုယ်ပိုင်နည်းလမ်းနဲ့ ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို အကြုံပြုဆွေးနွေးခဲ့ကြတာပါ။

ဒီအတွက် မြန်မာနိုင်ငံနဲ့ အာဆီယံအဖွဲဝင်နိုင်ငံတွေအကြား လက်ရှိ နှစ်နိုင်ငံဆက်ဆံရေးကို အခြေခံပြီး မြန်မာနိုင်ငံက ဦးဆောင်တဲ့ ကိုယ်ပိုင်နည်းလမ်းတွေနဲ့ အာဆီယံထဲ ပြန်လည်ဝင်ဆံ့နိုင်ဖို့ ဖြစ်ပါတယ်။

ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က စစ်အစိုးရဘက်က နိုင်ငံရေးတရားဝင်မှုရဖို့ ကြိုးပမ်းနေတဲ့အပေါ် နှစ်စုကွဲနေတဲ့ အာဆီယံရဲ့ မူဝါဒတွေအပေါ်မှာ ရိုက်ခတ်မှုတွေ ရှိလာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“အာဆီယံမှာလည်း နိုင်ငံတွေက နှစ်စုကွဲနေတာဖြစ်တဲ့အတွက် မင်းအောင်လှိုင်ရဲ့ နိုင်ငံရေးတရားဝင်မှု ကြိုးစားချက်က အောင်မြင်မလား မအောင်မြင်လားဆိုတာက သူ့ကို လက်ခံတဲ့ နိုင်ငံတချို့မှာ အောင်မြင်မယ်၊ လက်မခံတဲ့ နိုင်ငံတွေမှာတော့ သူ တရားဝင်မှု ရမှာ မဟုတ်ဘူး။ အာဆီယံအနေနဲ့ အဲဒီ ရိုက်ခတ်မှုကို ကြီးကြီးမားမား ကြုံတွေ့ရနိုင်တာ ဖြစ်တဲ့အတွက် အာဆီယံရဲ့ မူဝါဒတွေအပေါ်မှာလည်း ရိုက်ခတ်မှု ရှိလာနိုင်တယ်လို့ ကျွန်တော်တို့အနေနဲ့ ယူဆပါတယ်ဗျ”လို့ ဆိုပါတယ်။

စစ်အစိုးရအနေနဲ့ အာဏာသိမ်းပြီးကာလကနေ လက်ရှိအချိန်အထိ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို တိုးတက်အောင် အကောင်အထည်ဖော်နိုင်ခြင်းမရှိခဲ့တဲ့အတွက် ထိပ်ပိုင်းခေါင်းဆောင်တွေ ထိပ်သီးအစည်းအဝေးတက်ရောက်ခွင့် ပိတ်ပင်ခံထားရတာ ဒီကနေ့တိုင်ပါ။

တစ်ဘက်မှာ အာဆီယံအဖွဲ့ဝင် ငါးနိုင်ငံအထိ သွားရောက်ခွင့်ရခဲ့တဲ့ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ခရီးစဉ်တွေအတွင်း လာအို၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘာဒီးယားနဲ့ မလေးရှားနိုင်ငံတွေရဲ့ အစိုးရတွေက မြန်မာစစ်အစိုးရကို အာဆီယံထဲ ပြန်လည်ဝင်ဆံ့နိုင်ဖို့ ကူညီပေးသွားမယ်လို့ ပြောဆိုထားကြတာပါ။

လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဌနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်သမ္မတ မားကို့စ်ကလည်း မြန်မာ့အရေးမှာ အာဆီယံရဲ့ ချဉ်းကပ်ပုံကို ပြန်ချိန်ညှိဖို့ ကြိုးပမ်းနေပြီး ဘုံသဘောတူညီချက် ၅ ရပ်ဟာ မှန်ကန်ပေမယ့် အလုပ်မဖြစ်ကြောင်း The Straits Times နဲ့ အင်တာဗျုးမှာ ထုတ်ပြောခဲ့ပါတယ်။

ဒီအခြေအနေဟာ စစ်အစိုးရနဲ့ အကျိုးစီးပွားကို ရှေးရှုပြီး ထိတွေ့ဆက်ဆံမှသာ ပြုပြင်ပြောင်းလဲလို့ ရနိုင်မယ်ဆိုတဲ့ အုပ်စုနဲ့ လုံးဝ ထိတွေ့ဆက်ဆံမှု မလုပ်ဘဲ ဖိအားပေးတဲ့ လမ်းကြောင်းကို သွားချင်တဲ့ အုပ်စုတွေ ရှိတယ်လို့ ကိုမင်းသွေးသစ်က ထောက်ပြပါတယ်။

ဘုံသဘောတူညီချက်ထဲမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ ဆွေးနွေးပွဲတွေ စတင်ရေး၊ လူသားချင်းစာနာမှု အကူအညီတွေ ပေးရေး၊ ဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် ကြားဝင်ညှိနှိုင်းပေးနိုင်ဖို့ အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်ရေးနဲ့ အထူးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို လာရောက်ပြီး သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖြစ်ပါတယ်။

လောဆယ်အထိ အာဆီယံဘက်က အဲဒီဘုံသဘောတူညီချက်ကို ဆက်လက်စွဲကိုင်ထားပေမယ့် စစ်အစိုးရရဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကနေ လက်ရှိ မြန်မာနိုင်ငံရဲ့ ပကတိနိုင်ငံရေးအခြေအနေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် ပြီးခဲ့တဲ့ ဇူလိုင်နှောင်းပိုင်းမှာ ပယ်ချကြောင်းအဆို အတည်ပြုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.