ဝါရှင်တန် ၊ အောက်တိုဘာ ၁၄
အမေရိကန်က ယူကရိန်းနဲ့ ထောက်လှမ်းရေး သတင်း အချက်အလက်တွေ ဆက်လက် ဝေမျှနေဆဲ ဖြစ်ကြောင်းနဲ့ စစ်ပွဲ အဆုံးသတ်ရေး ကိဗ်၊ မော်စကို နှစ်ဖက်စလုံးနဲ့ အလုပ်လုပ်နေကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ပြောပါတယ်။
ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့က စစ်ပွဲ အဆုံးသတ်စေချင်နေတယ်လို့ ထရန့်က ပြောပေမယ့် သူတို့ကြားမှာ အမုန်းတရားတွေ တော်တော်များများ ရှိနေပြီး ဘယ်လို ဖြေရှင်းရမလဲဆိုတာကို သူတို့ မသိ ဖြစ်တယ်လို့ ဆိုပါတယ်။
ပါတီနှစ်ရပ်စလုံးရှိ လွှတ်တော် အမတ်တွေက ဝေဖန်ခဲ့တဲ့ ရုရှားနဲ့ ဒီဇယ် သဘောတူညီမှုနဲ့ မေးမြန်းရာမှာ ထရန့်က သူ့ရဲ့ အဲဒီ သဘောတူညီမှုကိုကာကွယ် ပြောဆိုသွားပါတယ်။
အဲဒီ သဘောတူညီမှုဟာ ယူကရိန်းကို မော်စကိုက ကျူးကျော် တိုက်ခိုက်မှုကြောင့် ရုရှားအပေါ် ချမှတ်ထားတဲ့ စွမ်းအင် တင်သွင်းခွင့် ပိတ်ပင်မှုတွေကို ချိုးဖောက်ရာကျတယ်လို့ ရီပက်ဘလေကန်တွေကရော ဒီမိုကရက်တွေကပါ ပြောဆိုထားပါတယ်။
အီရန် စစ်ပွဲကြောင့် ကမ္ဘာ့လောင်စာ တင်ပို့မှု ငါးပုံ တစ်ပုံ ဖြတ်သန်းရာ ရေလမ်းကြောင်း တစ်ခု ဖြစ်တဲ့ ဟောမု့ဇ် ရေလက်ကြားကို အီရန်က ပိတ်ထားလိုက်ပြီးနောက် အမေရိကန် အပါအဝင် ကမ္ဘာတစ်ဝန်းမှာ လောင်စာ ဈေးနှုန်း မြင့်တက်လာခဲ့ပါတယ်။
ယူကရိန်းကို တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ရုရှား ရန်ပုံငွေတွေကို ဖြတ်တောက်ရေး အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှု အများအပြား ပြုလုပ်ထားပါတယ်။
ရုရှားရဲ့ ရေနံတွေအပေါ် ဒဏ်ခတ် ပိတ်ဆို့မှု ပြုလုပ်ထားပြီး ရုရှားရေနံတွေ ဝယ်ယူတဲ့ နိုင်ငံတွေကိုလည်း အရေးယူသွားမှာ ဖြစ်ကြောင်း ထရန့်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ရုရှား ရေနံတွေကို ဝယ်ယူနေတဲ့ အိန္ဒိယကိုလည်း အမေရိကန်က အခွန်တွေ တိုးကောက်ခဲ့ပါတယ်။
ရွေးကောက်ပွဲ နီးလာချိန် လောင်စာဈေး မြင့်တက်မှု ငွေဖောင်ပွမှု မြင့်တက်မှုနဲ့ စားဝတ်နေရေး စရိတ် ကြီးမြင့်နေမှုတို့ကြောင့် အီရန် စစ်ပွဲနဲ့ ပတ်သက်လို့ မကျေနပ်ချက်တွေ ပိုများလာချိန် ထရန့်က ပြည်တွင်းလောင်စာ ဈေးနှုန်း လျော့ကျစေရေး ရုရှားနဲ့ သဘောတူညီမှု ရယူလိုက်တာ ဖြစ်ပါတယ်။
ရုရှား ဒီဇယ်တွေကို ဝယ်ယူမှုကြောင့် အမေရိကန် ပြည်တွင်း ဈေးကွက်ကို ဘယ်အတိုင်းအတာအထိ သက်ရောက်မှု ရှိမလဲ ဆိုတာ အသေအချာ မသိရပေမယ့် ထရန့်ရဲ့ လုပ်ရပ်ဟာ ရေတို ဖြေရှင်းမှု တစ်ခုပဲ ဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။
ရုရှားနဲ့ ဒီဇယ် သဘောတူညီမှုကို ယူကရိန်း အပါအဝင် ဥရောပနိုင်ငံ တချို့ကလည်း ဝေဖန်ခဲ့ကြပါတယ်။
Ref:Reuters

