ကွာလာလမ်ပူ ၊ အောက်တိုဘာ ၁၄

တိုကျိုမြို့ ဟာနဲဒါလေဆိပ်မှာ မလေးရှားနိုင်ငံသား ၅ ဦးရဲ့ ဖိနပ် အောက်ခံပြားထဲကနေ ကိုကင်း ၅ ကီလိုဂရမ် ရှာဖွေတွေ့ရှိပြီးနောက် အောက်တိုဘာ ၁၀ ရက်က ဂျပန်ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာခံထားရပါတယ်။

အသက် ၁၉ နှစ်ကနေ အသက် ၂၆ နှစ်အရွယ်အထိ ရှိတဲ့ မလေးရှားနိုင်ငံသား ၆ ဦးဟာ ကွာလာလမ်ပူမြို့နိုင်ငံတကာလေဆိပ် အဆောင် ၂ ကနေ အောက်တိုဘာ ၉ ရက်က ဂျပန်နိုင်ငံသို့ ထွက်ခွာသွားခဲ့တာ ဖြစ်တယ်လို့ ဘူကစ် အာနန် မူးယစ်ဆေးဝါး ရာဇဝတ်မှုဆိုင်ရာ စုံစမ်း စစ်ဆေးရေးဌာန ညွှန်ကြားရေးမှူး ဟူစိန် အိုမန် ခန်းက ပြောပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့ဟာနဲဒါ နိုင်ငံတကာလေဆိပ်မှာ အောက်တိုဘာ ၁၀ ရက်က အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၃ ဦးကို ဖမ်းဆီးထားတယ်လို့ ဂျပန် အရာရှိတွေက မိမိတို့ဆီ အကြောင်းကြားလာခဲ့ကြောင်း သူက ပြောပါတယ်။

သံသယရှိသူအားလုံးရဲ့ ရှူးဖိနပ်များရဲ့ အောက်ခံ ခုံထဲမှာ ဝှက်ပြီး သယ်ဆောင်လာတဲ့ ကိုကင်းတွေကို ဂျပန် အကောက်ခွန် အရာရှိတွေ စစ်ဆေးရှာဖွေ တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ဟူစိန်က အောက်တိုဘာ ၁၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဂျပန်မှာ ဖမ်းဆီးခံထားရတဲ့ မလေးရှား နိုင်ငံသားတွေဟာ ဘယ်သူတွေ ဖြစ်ကြောင်း မူးယစ်ဆေးဝါး ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာနက ဖော်ထုတ်ထားပြီး ဖြစ်တယ်လို့ ညွှန်ကြားရေးမှူး ဟူစိန်က ပြောပါတယ်။

အဖမ်းခံရတဲ့ မလေးရှား နိုင်ငံသား ၅ ဦးဟာ ဆာရာဝပ် ပြည်နယ် ဒေသခံတွေဖြစ်ပြီး တစ်ယောက်မှ ရာဇဝတ်မှု ကျူးလွန်ဖူးတဲ့ မှတ်တမ်း မရှိဘူးလို့ သိရပါတယ်။

အဲဒီ အမှုနဲ့ ပတ်သက်လို့ ပါဝင် ပတ်သက်နေတဲ့ မလေးရှားနဲ့ နိုင်ငံတကာရှိ မူးယစ်ဆေးဝါး ဂိုဏ်းတွေအပါအဝင် ဖမ်းဆီးထိန်းသိမ်းမှုနဲ့ ပတ်သက်လို့ သတင်းအချက်အလက် ရရှိရေး၊ စုံစမ်းစစ်ဆေးရေး အဖွဲ့ တစ်ဖွဲ့ ဂျပန်ကို စေလွှတ်ထားပါတယ်။

အားလပ်ရက် ခရီးထွက်တဲ့ အချိန်မှာ တခြား လူတစ်ယောက်ယောက်ရဲ့ ကမ်းလှမ်းမှုတွေနဲ့ ပတ်သက်လို့ သတိထားကြဖို့ အများပြည်သူကို သူက တိုက်တွန်းထားပါတယ်။

အထူးသဖြင့် တခြားလူတွေ အတွက် ခရီးဆောင်အိတ်တွေ အထုပ်အပိုးတွေ သယ်ပေးတာမျိုး မလုပ်ကြဖို့ ဟူစိန်က တိုက်တွန်းပါတယ်။

ဂျပန်မှာ ကိုကင်းသုံးစွဲသူနဲ့ စမ်းသုံးကြည့်သူ အရေအတွက် သိသိသာသာ ပိုများလာနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ လေ့လာမှုက ဖော်ပြပါတယ်။

ကိုကင်း လက်ဝယ်ပိုင်ဆိုင်မှုနဲ့ ဖမ်းဆီးခံရသူ အရေအတွက်နဲ့ လေဆိပ်တွေ၊ ဆိပ်ကမ်းတွေကနေတဆင့် ကိုကင်း သယ်ဆောင်ဖို့ ကြိုးပမ်းတဲ့ ဂျပန် နိုင်ငံသား အရေအတွက် ပိုများလာကြောင်း အဲဒီ လေ့လာမှုမှာ ဖော်ပြထားပါတယ်။

Ref:Bernama

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.