ဝါရှင်တန် ၊ အောက်တိုဘာ ၁၄
ဒိန်းမတ်ပိုင် ဂရင်းလန်းဒေသမှာ ကြီးမားတဲ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ စူးစမ်းရှာဖွေရေး စတင်ဖို့ အသင့် ပြင်ဆင်နေပြီ ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က အောက်တိုဘာ ၁၄ ရက်မှာ ပြောပါတယ်။
ဂရင်းလန်းမှာ စူးစမ်းရှာဖွေမယ့် အစီအစဉ်နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်ကို မဖော်ပြပေမယ့် အလွယ်တကူ ရရှိနိုင်တယ့် ရေနံ ပမာဏဟာ ဘယ်မြေနေရာထက် မဆို ကမ္ဘာပေါ်က ဘယ်နေရာထက် မဆို အများကြီး ပိုကြီးမားတယ်လို့ ပြောဆိုနေတဲ့ ပညာရှင်တွေ ရှိတယ်လို့ ပြောပါတယ်။
မဟာဗျူဟာ ကျတဲ့ နေရာမှာ တည်ရှိပြီး သဘာဝ အရင်းအမြစ် ပေါကြွယ်ဝတဲ့ ဂရင်းလန်းကို ကနဦး ဝယ်ယူမယ်လို့ ပြောဆိုခဲ့တဲ့ ထရန့်က နောက်ပိုင်းက အင်အားသုံး သိမ်းယူမယ်လို့တောင် ခြိမ်းခြောက်ခဲ့တာပါ။
အဲဒီလို ခြိမ်းခြောက်ခံခဲ့ရပြီးနောက် တင်းမာမှုတွေ ပြေလည်စေဖို့ ရည်ရွယ်ပြီး အမေရိကန်၊ ဒိန်းမတ်နဲ့ ဂရင်းလန်းတို့ဟာ ပြီးခဲ့တဲ့လက သဘောတူညီမှု တစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အမေရိကန်ကို အနာဂတ် တိုက်ခိုက်မှုမှန်သမျှဟာ ဂရင်းလန်းကို ဖြတ်သန်း ရောက်ရှိလာမှာ ဖြစ်ပြီး မိမိတို့အနေနဲ့ ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တခြား လက်နက် ပုံစံတွေကို ဂရင်းလန်းကနေ မိမိတို့ ကြားဖြတ် တားဆီး ကာကွယ်သွားမယ်လို့ ထရန့်က လူမှုမီဒီယာမှာ ရေးပါတယ်။
အမေရိကန်၊ ဒိန်းမတ်နဲ့ ဂရင်းလန်းတို့ကြား လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီမှုက ဂရင်းလန်းမှာ အမေရိကန် စစ်တပ် တည်ရှိမှု ပိုမို အားကောင်းလာစေမှာ ဖြစ်ပြီး ထရန့်ရဲ့ ရွှေကွန်ချာ ဒုံးကျည် ကာကွယ်ရေး စနစ်နဲ့ စစ်အခြေစိုက် စခန်း နှစ်ခု အတွက် လမ်းပွင့်သွားခဲ့ပါတယ်။
အဲဒီ သဘောတူညီမှုက ဒိန်းမတ်ရဲ့ အချုပ်အခြာအာဏာနဲ့ ဂရင်းလန်းရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်တို့ကို အာမခံထားပါတယ်။
ဒီသဘောတူညီမှုဟာ အားလုံးအတွက် ကောင်းတဲ့ သဘောတူညီမှု ဖြစ်တယ်လို့ ဒိန်းမတ်နဲ့ ဂရင်းလန်း နှစ်ဖက်စလုံးက ပြောထားပေမယ့် အဲဒီ သဘောတူညီမှုကိုလွှတ်တော်က အတည်ပြုရဦးမှာ ဖြစ်ပါတယ်။
အဲဒီ သဘောတူညီချက်အရ ဂရင်းလန်းမှာ တခြား နိုင်ငံတွေ စစ်တပ် ချထားခွင့် ဒါမှမဟုတ် ရင်းမြစ် ရှာဖွေခွင့် လုံးဝ ရရှိတော့မှာ မဟုတ်ပါဘူး။
Ref:Reuters

