ကွန်ကျိုး၊ အောက်တိုဘာ ၁၄
မြန်မာနိုင်ငံမှာ ကျားဖြန့်လုပ်ငန်း စင်တာတွေ ဖွင့်လှစ်မှုအတွက် ရာဇဝတ်ဂိုဏ်း တစ်ဂိုဏ်းရဲ့ ခေါင်းဆောင် ၃ ဦးကို တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ တရားရုံး တစ်ရုံးက သေဒဏ် ချမှတ်လိုက်ပါတယ်။
အောက်တိုဘာ ၁၃ ရက်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ အရှေ့တောင်ပိုင်း ဖူကျန်းပြည်နယ်ရှိ အဆင့်မြင့် တရားရုံးဖြစ်တဲ့ ကွန်ကျိုး အလယ်အလတ် ပြည်သူ့တရားရုံးက ဝေဟွိုင်ရန်၊ ချန် တားဝေနဲ့ လျာအို ကျင်းဖန်းတို့ကို ဝေမိသားစု ရာဇဝတ်ဂိုဏ်းမှာ ပါဝင်မှုအတွက် သေဒဏ် ချမှတ်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထား ပါတယ်။
အဲဒီ ရာဇဝတ်ဂိုဏ်းဟာ မူးယစ်ဆေးဝါး မှောင်ခိုကူးမှု၊ ပြည့်တန်ဆာလုပ်ငန်းနဲ့ တရားမဝင် ကာစီနိုလုပ်ငန်းတွေကို ဦးဆောင်ဖွင့်လှစ်မှု၊ ဆက်သွယ်ရေး လိမ်လည်မှုနဲ့ အနည်းဆုံး တရုတ်နိုင်ငံသား နှစ်ဦးကို သတ်ဖြတ်မှု အပါအဝင် ရာဇဝတ်မှု အများအပြား ကျူးလွန်ခဲ့တဲ့ ဂိုဏ်း ဖြစ်ပါတယ်။
ဝေဟာ အဲဒီ ဂိုဏ်းရဲ့ ခေါင်းဆောင်တွေထဲက တစ်ယောက် ဖြစ်ပြီး လူသတ်မှု အပါအဝင် ရာဇဝတ်မှု အများကြီး ကျူးလွန်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ တရားရုံးက ပြောပါတယ်။
တခြား အဖွဲ့ဝင် ၃ ဦးလည်း တစ်သက်တစ်ကျွန်း ထောင်ဒဏ် ချမှတ်ခံခဲ့ရပြီး နောက်ထပ် ၅၅ ဦးကို ထောင် ၃ နှစ်နဲ့ ၃ လကနေ ၂၄ နှစ်အထိ ချမှတ်ခဲ့ပါတယ်။
အဲဒီဂိုဏ်းရဲ့ လုပ်ငန်းတွေရဲ့ ဝင်ငွေ ပမာဏဟာ ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ ရှိတယ်လို့ တရားရုံးက ပြောပါတယ်။
တရုတ်နိုင်ငံပိုင် ရုပ်သံလိုင်း CCTV က အဲဒီ ဂိုဏ်းမှာ လုပ်ငန်း လုပ်ကိုင်နေတဲ့ ခြံဝင်ကြီး ၁၄ ခု ရှိပြီး လုပ်ခလစာ အများကြီးရမယ်ဆိုတဲ့ ကတိတွေနဲ့ တရုတ် နိုင်ငံသား ထောင်ပေါင်းများစွာကို မြန်မာနိုင်ငံသို့ ခေါ်ယူပြီး လှုပ်ရှားနေတာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။
ကျားဖြန့်ဂိုဏ်းတွေ လုပ်ငန်း နယ်ပယ်ကြီး တစ်ခုလို ဖြစ်လာနေတဲ့ အရှေ့တောင်အာရှ ဒေသတစ်ဝန်း နယ်စပ် ဖြတ်ကျော် ကျားဖြန့်လုပ်ငန်းတွေကို ဘေဂျင်းက အရှိန်မြှင့် နှိမ်နှင်းနေချိန်မှာ အခုလို တရားရုံး စီရင်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အာရှ အရှေ့တောင်ပိုင်းရှိ ကျားဖြန့် စင်တာတွေမှာ အလုပ်သမား ၃ သိန်းအထိ ခန့်ထားပြီး သက်ကြီးရွယ်အိုအများစု ပါဝင်တဲ့ အနောက်တိုင်းက လူတွေကို လိမ်လည်ဖို့ အွန်လိုင်း လိမ်လည်ရေး နည်းလမ်းတွေ သုံးနေတယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်မှု အဖွဲ့အစည်းက ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ဖော်ပြခဲ့ပါတယ်။
ကျားဖြန့်လုပ်ငန်းတွေမှာ အလုပ်စေခိုင်းခံရသူ အများစုဟာ လူမှောင်ခိုကူးခံရတဲ့ နိုင်ငံခြားသားတွေ ဖြစ်ပြီး အကျဉ်းကျခံနေရသလို အခြေအနေမျိုးနဲ့ အတင်းအကြပ် အလုပ်စေခိုင်းခံကြရတာ ဖြစ်ပါတယ်။
အခုနှစ် ဇန်နဝါရီလကလည်း မြီ မိသားစု ရာဇဝတ်ဂိုဏ်းဝင်တွေ အပါအဝင် မြန်မာ နိုင်ငံ ကိုးကန့်ဒေသမှာ ကျားဖြန့် လုပ်ကိုင်သူ ၁၁ ဦးကို ကွပ်မျက်ခဲ့ပါတယ်။
ဖေဖော်ဝါရီလမှာတော့ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ပေ မိသားစုဝင် ၄ ဦးကို တရုတ် အာဏာပိုင်တွေက ကွပ်မျက်ခဲ့ပါတယ်။
Ref:Aljazeera/CBS

