ဘန်ကောက် ၊ အောက်တိုဘာ ၁၅

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF နဲ့ ကမ္ဘာ့ဘဏ်တို့ရဲ့ အစည်းအဝေးတွေအတွက် အသုံးပြုနေတဲ့ လမ်းကြောင်း ၂၁ ခုကို လုံခြုံရေး တင်းကြပ်ထားပြီး ရေကြီးရေလျှံမှု စောင့်ကြည့်ရေးလည်း လုပ်ဆောင်နေကြောင်း ဘန်ကောက် အုပ်ချုပ်ရေးမှူး ချက်ချက် ဆီတီပွန့်က ပြောပါတယ်။

ရေဘေး သက်သာစေရေး၊ ပြန်လည် နလန်ထရေး မြို့တော် အာဏာပိုင်တွေက အရှိန်မြှင့် ဆောင်ရွက်နေပြီး လူပေါင်း ၂ သိန်းကျော်အတွက် အကူအညီတွေ ခွင့်ပြုထားပြီး ဖြစ်ပါတယ်။

လုဏ်မနီဥယျာဉ် အပန်းဖြေစင်တာရှိ ဘန်ကောက် ကွပ်ကဲရေး စင်တာမှာ အုပ်ချုပ်ရေးမှူး ချက်ချက်က အဲဒီ အစီအစဉ်တွေကို ချပြခဲ့တာ ဖြစ်ပါတယ်။

အဲဒီကွပ်ကဲရေးစင်တာကနေ မြို့တော် ရေဘေး တုံ့ပြန်ရေးနဲ့အတူ နိုင်ငံတကာ အစည်းအဝေးတွေအတွက် ကြိုတင် ပြင်ဆင်မှုတွေကို ပူးပေါင်းဆောင်ရွက်နေပါတယ်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့- ကမ္ဘာ့ဘဏ် နှစ်ပတ်လည် အစည်းအဝေးကို မိဘုရား သီရိခေတ် အမျိုးသားညီလာခံ စင်တာမှာ ကျင်းပနေတာ ဖြစ်ပြီး ကမ္ဘာတစ်ဝန်းက ခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ် ၁၈၀၀၀ ကျော် တက်ရောက်နေတာ ဖြစ်ပါတယ်။

ဘန်ကောက် အရာရှိတွေက လမ်းကြောင်း ၂၁ ခုကို စောင့်ကြည့်နေပြီး ၂၄ နာရီ ပတ်လုံး ကင်းလှည့်နေပါတယ်။

ဘန်ကောက် ကွပ်ကဲရေး စင်တာက လမ်းရေလျှံမှု အခြေအနေ၊ ယာဉ်အသွားအလာ၊ လမ်းဘေး လျှပ်စစ်မီးတွေနဲ့ အစည်းအဝေး ကျင်းပရာ နေရာ တဝိုက် လုံခြုံရေး အခြေအနေတွေကို အချိန်နဲ့ တပြေးညီ စောင့်ကြည့်နေတာ ဖြစ်ပါတယ်။

၂၄ နာရီ ပတ်လုံး ကင်းလှည့်တဲ့နေရာမှာ ဒေသဆိုင်ရာ အရာရှိတွေ မြို့တော် ဥပဒေ စည်းကြပ်ရေး ဌာနနဲ့ လက်တွဲဖော် အေဂျင်စီတွေက သတ်မှတ်ထားတဲ့ ဒေသတွေမှာ တစ်ရက်ကို ၂၄ နာရီ ကင်းလှည့် စောင့်ကြည့်နေတာ ဖြစ်ပါတယ်။

ဘန်ကောက်မြို့တဝန်း ရေမျက်နှာပြင်တွေနဲ့ ယာဉ်အသွားအလာ အခြေအနေတွေကိုလည်း ကွပ်ကဲရေး စင်တာက လုံခြုံရေး ကင်မရာတွေကနေတဆင့် စောင့်ကြည့်နေတာ ဖြစ်ပါတယ်။

ဘန်ကောက် တုံ့ပြန်ရေး အဖွဲ့တွေက မိုးသည်းထန်စွာ ရွာသွန်းလာရင် ဒါမှမဟုတ် ရေမစီးဆင်းဘဲ ရှိနေတဲ့ အခြေအနေမျိုးအတွက် ချက်ချင်း တုံ့ပြန်ရေး အဆင်သင့် ပြင်ထားပါတယ်။

လတ် ခရာဘန်းနဲ့ နွန် ချော့ခ် ဒေသတို့ကို ရေကြီး ရေလျှံမှုအတွက် အနီးကပ် စောင့်ကြည့်နေရဆဲ ဖြစ်ပါတယ်။ အဲဒီ ဒေသတွေမှာ ရေထုတ်စနစ်လည်း ဖိအားကြုံနေတယ်လို့ အုပ်ချုပ်ရေးမှူး ချက်ချက်က ပြောပါတယ်။

ဘန်ကောက်မြို့ ဒေသ တချို့မှာ မိုးသည်းထန်စွာ မရွာတာ ၆ရက်ကြာခဲ့ပြီးနောက် ထုံဘူရီ ဒေသမှာ မိုး သည်းထန်စွာ ပြန်လည် ရွာသွန်းမယ်လို့ မျှော်လင့်ရကြောင်း အုပ်ချုပ်ရေးမှူးက ပြောဆိုထားပါတယ်။

Ref:TheNationThailand

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.