ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းရဲ့ ပါတီဝင် ရာပေါင်းများစွာကို ပါကစ္စတန်အစိုးရ ဖမ်းဆီး

ပက်ရှ်ဝါ အောက်တိုဘာ ၁၃

ပါကစ္စတန်နိုင်ငံ မြောက်ပိုင်းပြည်နယ် တစ်ခုမှာ အရေးပေါ် အုပ်ချုပ်ရေး ကြေညာလိုက်ပြီးနောက် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းရဲ့ ပါတီဝင် ရာပေါင်းများစွာကို အာဏာပိုင်တွေက ဖမ်းဆီးလိုက်ကြောင်း ရဲအရာရှိတွေက ပြောပါတယ်။

မီဒီယာနဲ့ စကားပြောဆိုခွင့် မရှိတာကြောင့် အမည်မဖော်ဘဲ ပြောကြားတဲ့ ရဲအရာရှိ နှစ်ဦးက ထောင်ကျခံနေရတဲ့ အီမရန်ခန်းရဲ့ PTI ပါတီဝင်၂၇၈ ဦးဟာ အောက်တိုဘာ ၁၂ ရက်က အရေးပေါ် အခြေအနေ ကြေညာပြီး နောက်ပိုင်း ခိုင်ဘာ ပတ်ခ်တွန်ခွါ ပြည်နယ်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်လို့ ပြောပါတယ်။

PTI အုပ်ချုပ်တဲ့ ပြည်နယ်မှာ ရက်များစွာကြာ ဆန္ဒပြပွဲတွေ ဖြစ်ပွားပြီး အီမရန်ခန်းကို ပြန်လွှတ်ပေးရေး တောင်းဆိုခဲ့ကြပြီးနောက် အရေးပေါ် အခြေအနေ ကြေညာခဲ့လိုက်တာပါ။

အဲဒီ ပြည်နယ်မှာ စစ်သွေးကြွတွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေလည်း ပိုများလာပြီး အထူးသဖြင့် အာဖဂန်နစ္စတန်နဲ့ နယ်စပ်တလျှောက် မငြိမ်မသက် ဖြစ်နေတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း ခန်းကို ထောက်ခံသူ ထောင်ပေါင်းများစွာက ခိုင်ဘာ ပက်ခ်တွန်ခါ ပြည်နယ်မှာ ချီတက်ခဲ့ကြပြီး စီးပွားရေး ခက်ခဲမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ အစိုးရဆန့်ကျင်မှုတွေလည်း ပိုများလာနေပါတယ်။

ပါကစ္စတန် သမ္မတက ထူးခြားတဲ့ ဖွဲ့စည်းပုံဆိုင်ရာ အစီအစဉ်တွေကို ကြေညာလိုက်ပြီးနောက် နာရီပိုင်းအကြာမှာ ပြည်နယ် ဝန်ကြီးချုပ် ဆိုဟေးလ် အဖရီဒီ ဖမ်းဆီးခံခဲ့ရတယ်လို့ လူကြိုက်အလွန်များတဲ့ ခရစ်ကတ် သမားဟောင်း ခန်းရဲ့ ပါတီက ပြောပါတယ်။

ခိုက်ဘာ ပက်ခ်တွန်ခါပြည်နယ်ဟာ ခန်း ပါတီရဲ့ အမာခံဒေသ ဖြစ်ပြီး PTI ဦးဆောင်တဲ့ အစိုးရအနေနဲ့ လုံခြုံရေး အခြေအနေ တိုးတက်မလာခင်အထိ လည်ပတ်မှု ရှိမှာ မဟုတ်ဘူးလို့ အစိုးရက ပြောပါတယ်။

ခန်းဟာ ၂၀၂၃ ခုနှစ်ကတည်းက ထောင်ချခံထားပြီး အကျင့်ပျက်ခြစားမှု အကြမ်းဖက်ဖို့ လှုံ့ဆော်မှုတို့ အပါအဝင် စွဲချက်တွေ အများကြီးနဲ့ ရင်ဆိုင်နေရ ပါတယ်။

ဝန်ကြီးချုပ်ဟောင်း ခန်းနဲ့ သူ့ရဲ့ ဥပဒေအဖွဲ့က အဲဒီ စွပ်စွဲချက်တွေကို ပယ်ချထားပြီး နိုင်ငံရေးအရ စေ့ဆော်မှု ပါဝင်နေတဲ့ စွဲချက်တွေ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.