ဆော်ဒီကို ဟူသီအဖွဲ့ရဲ့ တိုက်ခိုက်မှုတွေအပေါ် တရုတ် ပြစ်တင် ရှုတ်ချ

ဘေဂျင်း အောက်တိုဘာ ၁၃

မကြာသေးခင်က ဆော်ဒီအာရေးဗီးယား လေဆိပ်တွေနဲ့ စွမ်းအင် အခြေခံ အဆောက်အဦးတွေကို ယီမင်နိုင်ငံရှိ ဟူသီအဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို တရုတ်က အောက်တိုဘာ ၁၂ ရက်မှာ ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

ရီးယာ့ဒ်နဲ့ အီရန် ထောက်ပံ့ထားတဲ့ ဟူသီ အဖွဲ့တို့ကြား ပဋိပက္ခနဲ့ ပတ်သက်လို့ အလွန်စိုးရိမ်ကြောင်းလည်း ဘေဂျင်းက ဖော်ပြပါတယ်။

ထိခိုက်သေဆုံးမှု အများအပြား ဖြစ်စေတဲ့ တိုက်ခိုက်မှုတွေကို တရုတ်က ပြစ်တင် ရှုတ်ချပြီး ပဋိပက္ခ အရှိန်ပိုမြင့်လာတာနဲ့ ပတ်သက်လို့ အလွန်စိုးရိမ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီဌာန ပြောရေးဆိုခွင့်ရှိ အမျိုးသမီး မော်နင်းက ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးအနေနဲ့ ဒေသတွင်း တင်းမာမှု မြင့်တက်နေမယ့် လုပ်ရပ်တွေကို ရှောင်ရှားကြဖို့နဲ့ သဘောထား မတိုက်ဆိုင်မှုတွေကို ဆွေးနွေးညှိနှိုင်းမှုတွေကနေတဆင့် ဖြေရှင်းကြဖို့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု စောစောစီးစီး ရရှိဖို့ ဆွေးနွေးကြဖို့လည်း တရုတ်က တိုက်တွန်းထားပါတယ်။

အောက်တိုဘာ ၁၁ ရက်က ရီးယာ့ဒ်မြို့ နိုင်ငံတကာ လေဆိပ်ကို ဟူသီအဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် လူ တစ်ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့တာပါ။

အရင်ရက်က ဟူသီ အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် အဲဒီ လေဆိပ်မှာ လုပ်ငန်း လည်ပတ်မှုများ ရပ်တန့် သွားခဲ့ရပါတယ်။

ဟူသီ အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ အမေရိကန်က သတိပေးထားပြီး စစ်ရေးအရ ဝင်ပါဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၁၀ ရက်က တိုက်ခိုက်မှုဟာ ဆော်ဒီမြေပေါ်မှာ ဆယ်စုနှစ် တစ်စု အတွင်း လူသေဆုံးမှု အများဆုံး တိုက်ခိုက်မှု ဖြစ်ပြီး ယီမင် စစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာနေတာလည်း ဖြစ်ပါတယ်။

ယီမင်မှာ နိုင်ငံတကာ အသိအမှတ်ပြုတဲ့ အစိုးရကို ဆော်ဒီက စစ်ရေးအရ ကူညီ ပေးနေတာ ကြာပြီ ဖြစ်ပါတယ်။

မကြာသေးခင်က ဆော်ဒီ ထောက်ခံတဲ့ ယီမင် အစိုးရက ဟူသီ အဖွဲ့ သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ပြန်သိမ်းယူနိုင်ရေး ထိုးစစ်ဆင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဟူသီအဖွဲ့ရဲ့ တိုက်ခိုက်မှုတွေအတွက် ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမှာ ဖြစ်ကြောင်း ဆော်ဒီက ပြောဆိုထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.