အာဆီယံက မြန်မာကို အစည်းအဝေး ပြန်တက်ခွင့်ပေးရေး ဂျပန် ကူညီသင့်တယ်လို့ ဝန်ကြီးချုပ်ဟောင်း ကီရှီဒါ ပြော

ဘန်ကောက်၊ အောက်တိုဘာ ၁၃

အာဆီယံ အစည်းအဝေးတွေဆီ မြန်မာနိုင်ငံကို ပြန်လည် ဆောင်ကျဉ်းရေး အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို ဂျပန်က ဘယ်လို ကူညီပေးနိုင်မလဲ စဉ်စားသင့်ကြောင်း ဂျပန် ဝန်ကြီးချုပ်ဟောင်း ဖူမီယို ကီရှီဒါက Nikkei Asia သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောဆိုလိုက်ပါတယ်၊

ပြည်တွင်းစစ်ကြောင့် စုတ်ပြတ်သတ်နေတဲ့ နိုင်ငံကို အာဆီယံ ထိပ်သီး အစည်းအဝေးတွေ ပြန်လည် တက်ရောက်ခွင့်ပြုတာက အာဆီယံ စည်းလုံးရေး အတွက် အရေးပါလိမ့်မယ်လို့လည်း ဝန်ကြီးချုပ်ဟောင်း ကီရှီဒါက ဆိုပါတယ်။

မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ အမြင်တွေ အများကြီး ရှိကြပြီး အာဆီယံ စည်းလုံးညီညွတ်မှု ရှုဒေါင့်ကနေ ကြည့်ရင် နိုင်ငံတွေ အများကြီးက မြန်မာနိုင်ငံကို မူဘောင်ထဲ အသေအချာ ပြန်လည် ဆောင်ကျဉ်းရေး အရေးကြီးတယ်လို့ ခံစားနေကြရတယ်လို့လည်း ဆိုပါတယ်။

မြန်မာနဲ့ ပတ်သက်လို့ အာဆီယံနဲ့ ရှေ့ဆက် ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေ ရှိ၊ မရှိ ဂျပန်က ဆက်လက် စဉ်စားရမယ်လို့ မိမိအနေနဲ့ ယုံကြည်ကြောင်း ကီရှီဒါက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ကွာလာလမ်ပူမှာ သမ္မတ မင်းအောင်လှိုင်နဲ့ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အေဘရာဟင်နဲ့ တွေ့ဆုံပြီးနောက် ရက်အနည်းငယ် အကြာ ဘန်ကောက် ခရီးစဉ်အတွင်း ကီရှီဒါက အခုလို သဘောထား မှတ်ချက်ပေးလာတာပါ။

မင်းအောင်လှိုင်နဲ့ တွေ့ဆုံမှုအတွင်း ဝန်ကြီးချုပ် အန်ဝါက မြန်မာကို အာဆီယံနဲ့ ပြန်လည် ပေါင်းစည်းရေး ကူညီပေးမယ်လို့ ကတိပြုထားတာပါ။

မင်းအောင်လှိုင်က မလေးရှား လူဝင်မှု ကြီးကြပ်မှု ထိန်းသိမ်းရေး စင်တာတွေမှာ ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံသား ထောင်ပေါင်းများစွာကို ပြန်လက်ခံမယ်လို့ သဘောတူညီခဲ့ပါတယ်။

ကီရှီဒါဟာ မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်မှာ ဂျပန် ဝန်ကြီးချုပ် ရာထူးကို ရရှိခဲ့တာ ဖြစ်ပါတယ်။

စစ်တပ် အာဏာသိမ်းပြီးမကြာခင်မှာပဲ အာဆီယံ ခေါင်းဆောင်တွေက ဂျကာတာမှာ စုဝေးခဲ့ကြပြီး မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘုံသဘောတူညီမှု ၅ရပ်ကို ကြေညာခဲ့ ပါတယ်။

အဲဒီနောက် ဘုံသဘောတူညီချက် အကောင်အထည်ဖော်ဖို့ ပျက်ကွက်တာကြောင့် မြန်မာ နိုင်ငံရေး ခေါင်းဆောင်တွေကို အာဆီယံ ထိပ်သီး အစည်းအဝေးတွေကနေ တားမြစ်ခဲ့တာပါ။

ဘုံသဘောတူညီချက်က အကြမ်းဖက် တိုက်ခိုက်မှုတွေ အဆုံးသတ်ရေး၊ အားလုံး ပါဝင်တဲ့ ဆွေးနွေးမှုတွေ ဖြစ်မြောက်ရေး ကြားဝင် ညှိနှိုင်းရေးနဲ့ လူသားချင်းစာနာထောက်ထားထားမှု အကူအညီပေးရေးတို့ ပါဝင်ပါတယ်။

မင်းအောင်လှိုင်ဟာ ဧပြီလမှာ သမ္မတရာထူးကို ရယူပြီး နောက်ပိုင်း အာဆီယံ အဖွဲ့ဝင်တွေ ဖြစ်တဲ့ လာအို၊ ထိုင်း၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားတို့ အပါအဝင် နိုင်ငံ အတော်များများသို့ သွားရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ အာဆီယံ စည်းလုံးညီညွတ်ရေးအတွက် အဓိက စိန်ခေါ်မှု တစ်ခု ဖြစ်နေတာ ကြာပြီ ဖြစ်ကြောင်း ဂျပန် အောက်လွှတ်တော်အမတ်အဖြစ် ဆက်ရှိနေဆဲ ဖြစ်တဲ့ ကီရှီဒါက ပြောပါတယ်။

ဂျပန်-အာဆီယံ ဆက်ဆံရေး ပိုအရေးကြီးလာပြီး နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အတူ သမိုင်းဝင် အလှည့်အပြောင်း နေရာကို ရောက်ရှိနေတယ်လို့လည်း ဝန်ကြီးချုပ်ဟောင်း ကီရှီဒါက ပြောဆိုထားတာ ဖြစ်ပါတယ်။

Ref:NikkeiAsia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.