ခတ္တမန္တူ၊ အောက်တိုဘာ ၁၃
နီပေါနိုင်ငံ အလယ်ပိုင်းရှိ မြစ်ကြောင်း တစ်ခုမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်က ရေလျှံပြီး တောင်တက်လမ်းကြောင်းတွေနဲ့ တံတားများ ပျက်စီး မျှောပါသွားပြီးနောက် မတူညီတဲ့ နေရာတွေမှာ နိုင်ငံခြားသား တောင်တက်သမား ၁၀၀ ကျော် ပိတ်မိနေတယ်လို့ သိရပါတယ်။
ခတ္တမန္တူမြို့ အနောက်ဖက် ကီလိုမီတာ ၁၀၀ ခန့်အကွာရှိ ဂေါ်ခါဒေသမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်က အရုဏ်တက်ချိန် မြေပြိုမှုကြောင့် ဘူဟီ ဂန်ဒါကီ မြစ် ပိတ်ဆို့ရာကနေ မြစ်အောက်ပိုင်း ရေလွှမ်းသွားခဲ့ပြီးနောက် အောက်တိုဘာ ၁၂ ရက်က နိုင်ငံခြားသား ၁၂ ဦး အပါအဝင် လူ ၃၁၂ ဦးကို အာဏာပိုင်တွေက ကယ်တင်ခဲ့ရပါတယ်။
အဲဒီ မြစ်ရဲ့ မြစ်ရေမျက်နှာပြင် လျော့ကျသွားချိန်မှာတောင် ကယ်ဆယ်ရေး လုပ်ငန်းတွေကို အောက်တိုဘာ ၁၃ ရက်မှသာ ဆက်လက် လုပ်ဆောင်မယ်လို့ နီပေါစစ်တပ်က ပြောထားပါတယ်။
အဲဒီ မြစ်ဟာ ရေခဲမြစ် ကျိုးပေါက်မှုကြောင့် သြဂုတ်လမှာ ပြင်းထန်တဲ့ ရေဘေး အန္တရာယ်ကြုံပြီး လူ ၁၄၅၇ ဦး သေဆုံးခဲ့ရတဲ့ ထရီရှူလီမြစ်ရဲ့ နောက်ထပ်မြစ်လက်တက် တစ်ခု ဖြစ်ပါတယ်။
သြဂုတ်လက ဆိုးရွားတဲ့ ရေဘေးအတွင်း လူပေါင်း ထောင်ချီ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
လက်ရှိ ရေဘေးအတွင်း ထိခိုက်သေဆုံးသူ မရှိဘူးလို့ သိရပေမယ့် ရွှံ့နွံတွေနဲ့ အပျက်အစီး အမှိုက်သရိုက်တွေကြောင့် နေအိမ်တွေ မျောပါသွားပြီးနောက် ရွာသား ငါးဦးကို ဆက်သွယ်လို့မရ ဖြစ်နေပါတယ်။
ရေအားလျှပ်စစ် စက်ရုံ သုံးခု အပါအဝင် အခြေခံ အဆောက်အဦတွေလည်း ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အရာရှိတွေက ပြောပါတယ်။
လူသိများတဲ့ လမ်းကြောင်း တစ်ပိုင်း ရေထဲ မျောပါသွားတာကြောင့် ပြန်မလာနိုင်ဘဲ မတူညီတဲ့ နေရာတွေမှာ ပိတ်မိနေတဲ့ နိုင်ငံခြားသား တောင်တက်သမား ၁၀၀ ကျော် ရှိတယ်လို့ အရာရှိတွေက ပြောပါတယ်။
နောက်ဆုံး ရေကြီး ရေလျှံမှုဟာ မြေပြိုမှု တစ်ခုကြောင့် ဖြစ်ပေါ်လာတဲ့ ယာယီ မြစ် အတားအဆီး ကျိုးပေါက်သွားလို့ ဖြစ်လာတာ ဖြစ်ဖွယ်ရှိတယ်လို့ တောင်များရဲ့ ဂေဟစနစ် စီမံခန့်ခွဲရေးနဲ့ ဖွံ့ဖြိုးရေး နိုင်ငံတကာ စင်တာ ICIMOD က ပြောပါတယ်။
အခု အဖြစ်အပျက်က တောင်ပေါ်နေသူတွေနဲ့ မြစ်ကြောင်းတွေတလျှောက် နေထိုင်သူတွေ ရုတ်တရက် အန္တရာယ် ကြုံနိုင် ကြောင်းကို ဖော်ပြနေတဲ့ နောက်ထပ် သာဓက တစ်ခု ဖြစ်တယ်လို့ ICIMOD ညွှန်ကြားရေးမှူးချုပ် ပီမာ ဂျီယမ်ရှိုက ဆိုပါတယ်။
လွန်ခဲ့တဲ့ နှစ်လက တိဘက်နယ်စပ်မှာ ဆိုးရွားတဲ့ ရေဘေးနဲ့ ရင်ဆိုင်ခဲ့ရပြီး နောက် နီပေါအာဏာပိုင်တွေ အထူး သတိထားနေပြီး ပြန်လည် ထူထောင်ရေး လုပ်ဆောင်နေချိန်မှာ ရေဘေးနဲ့ ထပ်မံ ကြုံတွေ့ရတာ ဖြစ်ပါတယ်။
Ref:Reuters/BBC

