မော်လမြိုင် ၊ အောက်တိုဘာ ၁၁

ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF နဲ့ အာရက္ခတပ်တော် AA ကိုယ်စားလှယ်တို့ တက်ရောက်ခဲ့တဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု SRA ဒုတိယကြိမ်ညီလာခံမှာ စစ်ရေး နိုင်ငံရေး ဦးဆောင်ကော်မတီကို တပ်မံအတည်ပြုခဲ့တယ်လို့ အောက်တိုဘာ ၈ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းမှုကနေ နိုင်ငံ့အနှံ့ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တော်လှန်‌ရေးတပ်တွေထဲက ၁၉ ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ နွေဦးတပ်ပေါင်းစု SRA ရဲ့ ဒုတိယကြိမ်ညီလာခံကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်ကနေ ၃၀ ရက်အထိ ကျင်းပပြုလုပ်ခဲ့တာပါ။

ညီလာခံဖွင့်ပွဲမှာ SCEF ကိုယ်စား အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလနဲ့ AA ရဲ့ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်၊ အမျိုးသမီးများအဖွဲ့ချုပ် WLB အထွေထွေအတွင်းရေးမှူး၊ ကျောင်းသားတပ်မတော် ABSDF ဥက္ကဌ နဲ့ SRA ဦးဆောင်ကော်မတီဝင် ၊ KNDF ဥက္ကဌ ခွန်ဘီးထူးတို့ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။

အဲဒီနောက် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု SRA ဦးဆောင်ကော်မတီဝင်တွေ ၊ SRA အဖွဲ့ဝင်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တပ်မှူးတွေနဲ့ လေ့လာသူပေါင်း ၉၅ ဦးနဲ့ ညီလာခံအစည်းအဝေးကို ဆက်လက်ပြုလုပ်ခဲ့ကြတာပါ။

ညီလာခံအတွင်း စစ်ဒေသ သုံးခုနဲ့ ဌာနအသီးသီးက အစီရင်ခံစာတွေကို ဖတ်ကြားတင်သွင်းခဲ့ကြပြီး အစီရင်ခံစာတစ်ခုချင်းစီအလိုက် အပြန်အလှန်ဆွေးနွေးကာ ဆက်လက်လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေကို ဆုံးဖြတ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ညီလာခံမှာ တပ်ပေါင်းစုရဲ့ လုပ်ငန်းစဉ်တွေ ပိုမိုထိရောက်မြန်ဆန်စေရေးနဲ့ စီမံခန့်ခွဲမှုအားကောင်းလာစေရေးကို ရည်ရွယ်ပြီး ဦးဆောင်ကော်မတီမှာ အထွေထွေအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး ၁ နဲ့ တွဲဖက်အတွင်းရေးမှူး ၂ တို့ပါဝင်တဲ့ အတွင်းရေးမှူးအဖွဲ့ကို စတင်ဖွဲ့စည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

SRA တပ်ပေါင်းစုဟာ စစ်ရေးစုဖွဲ့မှုတစ်ခုတည်းမဟုတ်ဘဲ နိုင်ငံရေးအရပါ စုဖွဲ့ထားတာဖြစ်ကြောင်းနဲ့ တပ်ပေါင်းစုဦးဆောင်ကော်မတီဟာ စစ်ရေး နိုင်ငံရေး မူဝါဒဦးဆောင်အဖွဲ့ဖြစ်ကြောင်း ညီလာခံမှာ ထပ်မံအတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ဒေသအလိုက် စစ်ရေးကော်မတီတွေ ဖွဲ့စည်းသွားဖို့နဲ့ SRA အဖွဲ့ဝင်တွေမှာ စစ်ဥပဒေချိုးဖောက်မှုတွေ စစ်ရာဇဝတ်မှုတွေ ကျူးလွန်လာရင် လိုအပ်တဲ့ ထိန်းကျောင်းအရေးယူမှုတွေ ပြုလုပ်နိုင်ဖို့ ဖွဲ့စည်းပုံနဲ့ မူဝါဒတချို့ကို ပြင်ဆင်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နွေဦးတပ်ပေါင်းစု SRA က အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးတို့အတွက် မဟာမိတ်အဖွဲ့အစည်းတွေ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ဟန်ချက်ညီညီ လက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အသိပေးထားတာ ဖြစ်ပါတယ်။

SRA အနေနဲ့ အခုနှစ် ဖေဖော်ဝါရီမှာ NUG က ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးအပါအဝင် ဌာနဆိုင်ရာ ဝန်ကြီးတွေနဲ့ Zoom Platform ကနေတဆင့် တွေ့ဆုံခဲ့ကြပြီး စစ်ဆင်ရေးနဲ့ ထောက်လှမ်းရေးအပါအဝင် နိုင်ငံရေးဦးဆောင်မှုဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ နှစ်ဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

NUG အပါအဝင် တိုင်းရင်းသားမဟာမိတ်တွေနဲ့ စုဖွဲ့ထားတဲ့ ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF နဲ့လည်း အခုနှစ် ဇူလိုင် ၂၀ ရက်နေ့မှာ SRA က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ အဲဒီတွေ့ဆုံခဲ့မှုအတွင်း လက်ရှိ နိုင်ငံရေးအခင်းအကျင်းနဲ့ ရှေ့နိုင်ငံရေးလုပ်ငန်းစဉ် လိုအပ်မှုတွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

နွေဦးတပ်ပေါင်းစု SRA ထဲမှာ တိုင်းရင်းသားလူမျိုးစုအမည်ခံ ကရင်နီ၊ ချင်း၊ ဓနု၊ မွန် နဲ့ ပအိုဝ်း တို့ ပါဝင်ကြသလို ဗမာလူမျိုးစုအမည်ခံ ဗမာပြည့်သူ့လွတ်မြောက်ရေးတပ်တော် BPLA နဲ့ တပ်ဖွဲ့တချို့ အပါအဝင် KIA ၊ AA တို့နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တချို့လည်း ပါဝင်ပါတယ်။

ဒါ့အပြင် အညာဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေအပြင် ညီညွတ်မှုအခြေပြု 96 Soldiers PDF ၊ Force for Federal Democracy FFD နဲ့ ကျောင်းသားလက်ရုံးတပ်တော် SAF တို့လည်း နွေဦးတပ်ပေါင်းစု SRA မှာ ပါဝင်နေကြတာ ဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် တပ်ပေါင်းစုဖွဲ့ဖို့ အများက တိုက်တွန်းနေချိန်မှာ ခိုင်မာကျယ်ပြန့်တဲ့ နွေဦးတော်လှန်ရေးတပ်ပေါင်းစုတရပ် ပေါ်ပေါက်လာစေရေးအတွက် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မေလမှာ တော်လှန်ရေးတပ်ဖွဲ့ ၇ ဖွဲ့နဲ့ စတင်ညှိနှိုင်းခဲ့တာပါ။

အဲဒီကနေ ထပ်တိုးလာတဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့သလို ထပ်မံဖိတ်ကြားသင့်တဲ့အဖွဲ့တွေကို ဖိတ်ပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာမှာ တပ်ပေါင်းစုဖြစ်မြောက်ရေးညီလာခံကို လွတ်မြောက်နယ်မြေတနေရာမှာ ပြုလုပ်ကာ နွေဦးတပ်ပေါင်းစု SRA ကို ဖွဲ့စည်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-SRA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.