မော်လမြိုင်၊ အောက်တိုဘာ ၁၂
အလွန်ပြင်းထန်တဲ့ စူပါအယ်လ်နီညိုကို ရင်ဆိုင်ဖို့ မွန်ပြည်နယ်အတွင်းရှိ ဘုန်းကြီးကျောင်းတွေမှာ အပူရှောင်စခန်းတွေ ဖွင့်လှစ်ဖို့ စစ်တပ် အသွင်းပြောင်း အစိုးရက ညွှန်ကြားထားတယ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဘုန်းကြီးကျောင်းတွေမှာ အပူရှောင်စခန်းတွေ ဖွင့်လှစ်ဖို့ ဌာနစုံပါဝင်တဲ့ပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
အပူရှောင်စခန်းတွေမှာ သောက်သုံးရေ၊ အိမ်သာ၊ အခင်း၊ခေါင်းအုံတွေ ထားရှိဖို့နဲ့ ပန်ကာတွေ အသုံးပြုနိုင်အောင် စီစဉ်ထားဖို့အပါအဝင် အရေးပေါ်လူနာတွေအတွက် စခန်းတစ်ခုလျှင် ဆေးရုံကုတင် နှစ်လုံးစီ ထားရှိဖို့ ညွှန်ကြားထားပါတယ်။
ဒါ့အပြင် ဆေးရုံတွေမှာလည်း အပူလျှပ်ခြင်း Heat Stroke လူနာတွေအတွက် ဆေးရုံကုတင်တွေနဲ့ လိုအပ်တဲ့ ဆေးဝါးတွေ စီစဉ်ထားဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်ကတော့ အယ်လ်နီညို ရာသီဥတုကို ကျော်ဖြတ်နိုင်ဖို့အတွက် ပြည်သူတွေအနေနဲ့ ရေနဲ့စားနပ်ရိက္ခာ ကြိုတင်စုဆောင်းထားဖို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့က ပြုလုပ်တဲ့ နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးမှာ ညွှန်ကြားထားတာပါ။
အယ်လ်နီညိုဘေးအန္တရာယ်အတွက် သောက်သုံးရေ၊ စိုက်ပျိုးရေတွေ ထိန်းသိမ်းသုံးစွဲဖို့၊ အပူရှောင်စခန်းတွေ ဖွင့်လှစ်ဖို့ ၊ဆည်တာတမံတွေမှာ ရေတွေ သိုလှောင်စုဆောင်းထားဖို့နဲ့ ကြာရှည်စွာ အထားခံပြီး စားသောက်နိုင်တဲ့ အသီးအနှံတွေနဲ့ စားရေရိက္ခာတွေ စုဆောင်းထားရှိဖို့ ညွှန်ကြားခဲ့တာပါ။
ကမ္ဘာ့မိုးလေဝသပညာရှင်တွေကတော့ အလွန်ပြင်းထန်တဲ့ စူပါအယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူချိန်မြင့်မားမယ့် ဘေးအန္တရာယ်နဲ့ ကြုံတွေ့နိုင်ပြီး လူဦးရေ သိန်းနဲ့ချီ သေဆုံးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
စူပါအယ်လ်နီညိုဖြစ်စဉ်ဟာ ၂၀၂၆ ခုနှစ် နိုဝင်ဘာလနဲ့ဒီဇင်ဘာလတွေမှာ အမြင့်ဆုံး အခြေအနေကို ရောက်ရှိနိုင်ပြီး ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ သက်ရောက်မှု ရှိနိုင်တယ်လို့ သုံးသပ်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

